နွေစပါးစိုက်ဖို့ လယ်ယာပေါင်ကာ မျိုးစပါးဝယ်နေရပြီး အရင်းမရှိဖြစ်နေ

နွေစပါးစိုက်ဖို့ လယ်ယာပေါင်ကာ မျိုးစပါးဝယ်နေရပြီး အရင်းမရှိဖြစ်နေ

စစ်ကိုင်းတိုင်းထဲက တောင်သူအများစုဟာ စစ်ကောင်စီရဲ့စစ်ကြောင်းထိုး မီးရှို့ဖျက်စီးတာတွေကြောင့် ပိုင်ဆိုင်မှုတွေ မီးထဲပါသွားခဲ့ပြီး နွေစပါးစိုက်ပျိုးဖို့အတွက် ငွေကြေးမတတ်နိုင်ကြတော့ဘဲ လယ်ယာတွေပေါင်ပြီး စိုက်ပျိုးဖို့ အရင်းနှီးရှာနေရတယ်လို့ သိရပါတယ်။

စပါးရောင်းချချိန်တုန်းကတော့ ၁ တင်းကို ၉ ထောင်နဲ့ရောင်းခဲ့ရပြီး အခုမျိုးစပါးပြန်ဝယ်ယူချိန်မှာတော့ ၁ တင်းကို ၂ သောင်းကျော်နဲ့ ဝယ်နေရကာ၊ မီးရှို့ခံထားရတဲ့ အိမ်တွေပြန်ဆောက်ဖို့ ကုန်ကျစရိတ်တွေလည်း ရှိနေသေးတာကြောင့် အရင်းနှီးစိုက်ထုတ်ဖို့ မလုပ်နိုင်ဖြစ်နေတယ်လို့ ဆိုပါတယ်။


“ကျနော်လည်း လေးဧကပေါင်ထားရတာ။ ရှိတဲ့လယ်လေးကို ပေါင်နှံပြီး နွေလယ်လေးလုပ်ဖို့ ဖြစ်သလို ရုန်းကန်ရတာပေါ့။ မိသားစုကလည်း များတယ်။ လုပ်ကိုင်နိုင်တာလည်း ကျတော်ပဲ ရှိတာဆိုတော့၊ ကျဲပဲ ကျဲနိုင်တော့တယ်။ စပါးက စိုက်သာစိုက်တာ သေချာပေါက်ရိတ်ရမယ် မပြောနိုင်ဘူးလေ။ ကိုယ်စိုက်တဲ့စပါးက ကံသင့်မှစားရမှာကို၊ ကိုယ့်အသက်ကိုယ်တောင် ဘယ်ချိန်သေမလဲဆိုတာ ရင်လေးနေရတာ။” လို့ လယ်ပေါင်ပြီး နွေစပါးစိုက်နေရတဲ့ တောင်သူတဦးက ပြောပါတယ်။

လယ်မြေ အပေါင်လက်ခံတဲ့သူဆီကနေ ၁ ဧကကို ၂၅ သိန်းလောက် ထုတ်ယူနိုင်ပြီး စပါးပေါ်ချိန်ရောက်ရင်တော့ စပါးတင်း ၃၀ ပေးရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ အတိုးမဲ့ချေးငွေတွေ ထုတ်ယူရပြီး၊ စိုက်ပျိုးချိန်မှာလည်း စရိတ်သက်သာအောင် စပါးကိုမစိုက်တော့ဘဲ ကျဲချထားကာ စိုက်တာလောက် ဖြစ်ထွန်းမှု မသေချာပေမယ့် စိုက်ပျိုးစရိတ်က
ကောက်စိုက်သမငှားခ၊ စက်သုံးဆီခ၊ စက်ခုတ်ခတွေနဲ့တင် ၁ ဧကကို ၃ သိန်းလောက် ကုန်ကျနေတဲ့အတွက် ကြံဖန်ပြီးလုပ်ကြရတယ်လို့ ဆိုပါတယ်။

တချို့ တောင်သူတွေကတော့ ရှိတဲ့လယ်လေးကို အပြတ်ရောင်းလိုက်ရတဲ့အတွက် လယ်ပိုင်တဲ့ တောင်သူဘဝကနေ အငှားလိုက်ရတဲ့ဘဝ ရောက်သွားကြပြီး စီးပွားရေး ပြန်လည် ဦးမမော့နိုင်တဲ့ တောင်သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“ကျတော်တို့ပတ်ဝန်းကျင်မှာကို ၄ ဦးလောက် ရှိတယ်။ ထွန်စက်လည်း မီးထဲပါ၊ အိမ်လည်းပါ။ သူတို့ရှိတာမှ လယ်က ၁ ဧက၊ ၂ ဧကလောက်ပဲ ရှိတာ။ စားရအောင်လည်း ရှာရတယ်။ အိမ်နေဖို့ရာလည်း လုပ်ရတယ်။ ပိုက်ဆံက အတိုးနဲ့ယူရင်လည်း တဖြည်းဖြည်းနဲ့ဆုံးမှာဆိုတော့ ရှိတာလေး ရောင်းချပြီး အိမ်လေးပြင်ဆောက်ပေါ့။ စောစောကတော့ တောင်သူပေမယ့် ခုကျ လက်လုပ်လက်စား ပြန်ဖြစ်သွားတာပေါ့။” လို့ တောင်သူတဦးက ပြောပါတယ်။

တောင်သူတွေဖြစ်တဲ့အတွက် နွေစပါးရာသီ ရောက်လာလို့သာ စပါးပြန်စိုက်ပျိုးကြရပေမယ့် စစ်ကြောင်းထပ်ရောက်လာပြီး မီးရှို့ဖျက်ဆီးမှာ ကြောက်နေရတယ်လို့လည်း ဆိုကြပါတယ်။

ရွာတွေကို စစ်ကြောင်းခဏခဏထိုးကာ မီးရှို့ဖျက်ဆီးခံနေရတာတွေကြောင့် တချို့တောင်သူ မိသားစုတွေကတော့ ရွာမှာ ဆက်နေချင်စိတ်မရှိတော့ဘဲ မိသားစုလိုက် ရွာကထွက်သွားကြတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကိုင်းတိုင်းထဲက ဒေသခံတွေရဲ့ ဝမ်းစာနဲ့မျိုးစပါးတွေကို စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့တဲ့လက မီးရှို့သွားစဉ် (ပုံဟောင်း)။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10