သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
အာဏာရှင်သန်းရွှေလက်ထက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည် အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသား တန်းတူညီမျှရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးများကို တောင်းဆိုလျက် အစဉ်တစိုက် တိုက်ပွဲဝင်ခဲ့သည်။
မြန်မာနိုင်ငံအတွက် မှန်ကန်သည့် ရပ်တည်ချက်ဖြစ်၍လည်း ဒီမိုကရေစီလိုလားသော ပြည်သူများ၊ တိုင်းရင်း သားများနှင့် နိုင်ငံရေးအင်အားစုများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို တခဲနက် ဝန်းရံရပ်တည်ခဲ့ကြသည်။
ယင်းသို့ရပ်တည်ခဲ့ကြသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံအရကျင်းပသည့် ရွေးကောက်ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မဝင်ခင်ကာလအထိဖြစ်သည်ဟု ဆိုနိုင်သည်။
NLD သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာအားလုံး၌ ဝင်ရောက်အရွေးခံပြီး နေရာအားလုံးနီးပါး အနိုင်ရခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အမတ်များ လွှတ်တော်ထဲသို့ ရောက်ရှိခဲ့သည်။
အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသားတန်းတူညီမျှရေးများကို တဖွဖွပြောခဲ့သည့် NLD သည် ၂၀၁၅ ရွေးကောက်ပွဲကျင်းပသည့်အခါတွင်လည်း တိုင်းရင်းသားပြည်နယ်များ၌ နေရာလပ်မကျန် တိုင်းရင်းသားပါတီများနှင့်အပြိုင် ရွေးကောက်ပွဲဝင်ခဲ့ကြသည်။
NLD ပါတီအနေဖြင့် အစိုးရတရပ်ဖွဲ့စည်းနိုင်ရန် ပြည်ထောင်စုလွှတ်တော်တွင် လုံလောက်သည့် လွှတ်တော် ကိုယ်စားလှယ်ရရှိရေးအတွက် တိုင်းရင်းသားနယ်မြေများကို ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။
သို့သော် တချို့ပြည်နယ်များတွင် တိုင်းရင်းသားပါတီကိုယ်စားလှယ်လောင်းများ အများဆုံးရွေးချယ်ခံခဲ့ရသည့် ပြည်နယ်များရှိသည်။ ရခိုင်ပြည်နယ်လွှတ်တော်တွင် ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် အများဆုံးနိုင်ရခဲ့သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်တောင်းခဲ့သည်။
သို့သော် ၂၀၀၈ အခြေခံဥပဒေတွင် ပေးထားသည့်အခွင့်အရေးရ NLD က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ၎င်းတို့ ပါတီဝင်တဦးကိုသာ ခန့်အပ်ခဲ့သည်။ ထိုသို့လုပ်ခဲ့သည့်အတွက် ရခိုင်အမျိုးသားပါတီက လွှတ်တော်အတွင်း သပိတ်မှောက်ခဲ့ကြသေးသည်။
ယင်းနောက် ရခိုင်တိုင်းရင်းသားများနှင့် NLD ကြားတင်းမာမှုများ ပိုမိုမြင့်တက်ခဲ့သလို အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသားတန်းတူအခွင့်အရေးရရှိရေးများကို တဖွဖွဟစ်ကြွေးခဲ့သော NLD ၏ တိုင်းရင်းသားအပေါ်ထားသည့် နိုင်ငံရေးသဘောထားအပေါ်လည်း သံသယဝင်ခဲ့ကြသည်။
၂၀၁၅ ရွေးကောက်ပွဲအလွန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် အစိုးရဖွဲ့နိုင်ခဲ့သည်။ အစိုးရဖြစ် လာသည့်အခါ၌လည်း တိုင်းရင်းသားဒေသများမှ ပြည်သူများနှင့် သဘောထား မတိုက်ဆိုင်မှုများရှိခဲ့သည်။ ၎င်းအစိုးရလက်ထက်တွင် တိုင်းရင်းသားအခွင့်အရေး ချိုးဖောက်ခံရမှုများ ကျယ်လောင်စွာ ကြားခဲ့ရသည်။
တနည်းပြောရလျှင် လူ့အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးများကို အလေးထားပါသည်ဆိုသော NLD အစိုးရအုပ်ချုပ်သည့်ခေတ်၌ပင် တိုင်းရင်းသားများ၏ အခွင့်အရေးများဆုံးရှုံးခဲ့ပြီး ယင်းအခွင့်အရေးများရရှိရန် အဖမ်းဆီးခံ၊ ထောင်ကျခံကာ တောင်းဆိုခဲ့ကြရသည်။
ထင်ရှားသည့် ဥပမာများကိုကြည့်မည်ဆိုလျှင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ချောင်းဆုံသို့ ဆက်သွယ်ထား သည့် သံလွင်မြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု NLD အစိုးရက အမည်ပေးသည်။
ဗိုလ်ချုပ်အောင်ဆန်းတံတားဟုအမည်ပေးခြင်းသည် ဒေသခံတိုင်းရင်းသားများက သူတို့ ဆန္ဒနှင့် မညီညွတ် သည့်လုပ်ရပ်ဟုဆိုကာ ကန့်ကွက်ဆန္ဒပြမှုများလုပ်ခဲ့သည်။ တိုင်းရင်းသားများက ဤသို့ ကန့်ကွက်ဆန္ဒပြခဲ့ကြသော်လည်း နောက်ဆုံးတွင် ဒေသခံလူထု၏ ဆန္ဒကိုလျစ်လျူရှုကာ ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးခဲ့ကြသည်။
နောက်ထပ်ပြဿနာတခုမှာလည်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်များကို တိုင်းရင်းသားပြည်နယ်များ၌ လိုက်လံ စိုက်ထူခြင်းပင်ဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ထင်ရှားသည်မှာ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကန္တာဟေဝန်ပန်းခြံထဲ၌ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်းဖြစ်သည်။
ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနှင့် ကရင်နီလူငယ်များ၊ ကရင်နီလူထုကြား ဆန္ဒပြပွဲများဖြစ်ပွားခဲ့သည်။ အစိုးရ လုံခြုံရေးဝန်ထမ်းများနှင့် ဆန္ဒပြသူများကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ဆန္ဒပြသူ ၅၀ ခန့်အထိ အမှုဖွင့် တရားစွဲခံခဲ့ရသည်။
NLD အစိုးရလက်ထက်တွင် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကောက်မတီများဖွဲ့ကာ နိုင်ငံအနှံ့ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူနိုင်ရေးအတွက် ယင်းသို့ပင် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့သည်ဟု ဆိုရမည်။
ကချင်ပြည်နယ်၌လည်း ကချင်ဒေသခံများက ယဉ်ကျေးမှုအမွေအနှစ်ပြတိုက်တခုလုပ်ရန်စီစဉ်ထားသည့် မြေနေရာတွင် NLD အစိုးရက ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို စိုက်ထူခဲ့သည်။ ယင်းကြေးရုပ်ကို ဒေသခံတချို့က ဆေးများပက်ဖြန်းကာ ဖျက်ဆီးခဲ့ကြသည်။
ချင်းပြည်အနှံ့တွင်လည်း ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရေးကန့်ကွက်မှုများ၊ အငြင်းပွားမှုများ ဆက်တိုက်ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံသမိုင်းတွင် အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းဘုရားတို့သည် ဗမာစစ်တပ်အတွက် သမိုင်းဝင် သူရဲကောင်းများဟု ရှုမြင်ကြသော်လည်း တိုင်းရင်းသားများအတွက်မူ စစ်ဝါဒီသမား၊ စစ်ဘီလူးများထက် ပိုမည်မဟုတ်။
မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာအပါအဝင်တိုင်းရင်းသား များအတွက် လေးစားအားကျစရာ၊ ကျေးဇူးပြုထိုက်စရာ ဖြစ်ကောင်းဖြစ်နိုင်မည်။ သို့သော် မြန်မာနိုင်ငံရှိ ပြည်နယ်တွင် ရုပ်တုများစိုက်ထူကာ လုံးဝအရိုအသေပေးရမည်၊ ကျေးဇူးပြုထိုက်သည်ဟု အတင်းအဓမ္မလုပ် နေခြင်းသည် ဗမာလူမျိုးကြီးဝါဒကို သွတ်သွင်းသကဲ့သို့ဖြစ်နေသည်။
ယင်းသို့ပြုလုပ်ခြင်းသည် ဗမာလူမျိုးကြီးဝါဒစွဲကပ်နေခြင်းမျှသာဖြစ်သည်။ တနည်းအားဖြင့် တိုင်းရင်းသားများ အခွင့်အရေးနှင့် မတူညီသည့်သမိုင်းကြောင်းအတွက် ထည့်သွင်းစဉ်းစားရန် ပျက်ကွက်နေခြင်းဖြစ်၏။
NLD အစိုးရက တိုင်းရင်းသားပြည်နယ်များတွင် ဗိုလ်ချုပ်ကြေးရုပ်များလိုက်လံစိုက်ထူနေသော်လည်း ကရင်တိုင်းရင်းသားများက ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း၌ ကရင်အာဇာနည်နေ့ကျင်းပသည့်အခါမှာတော့ တိုင်းအစိုးရများက ကန့်သတ်တားမြစ်မှုမျိုးစုံ လုပ်ခဲ့ကြသည်။ ကရင်အာဇာနည်နေ့ကျင်းပသည့်အတွက်ပင် အဖမ်းဆီးခံရသည့်သူများ၊ ထောင်ဒဏ်အပြစ်ပေးခံရသည့်သူများ ရှိခဲ့သည်။
ဤနေရာတွင် တိုင်းရင်းသားများအတွက် နောက်ထပ်စိတ်ထိခိုက်စရာ အဖြစ်အပျက်တခုရှိပါသေးသည်။ ယင်းက တနိုင်ငံလုံပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့က လက်မှတ်ရေးထိုးထားပြီး ငြိမ်းချမ်းရေးဆွေးနွေးနေသည့်ကာလဖြစ်သည်။
တနည်းအားဖြင့် အချိန်ကြာမြင့်စွာဆွေးနွေးခဲ့သော်လည်း တိုင်းရင်းသားများ၏ လိုလားချက်အခွင့်အရေးများမရနိုင်ဘဲ သောင်မတင်၊ ရေမကျဖြစ်နေသည့်ကာလဖြစ်သည်။
ရခိုင်ပြည်၌လည်း အာရက္ခတပ်တော်(AA)နှင့် မင်းအောင်လှိုင်တပ် တိုက်ပွဲဖြစ်ပွားနေသည့်အချိန် ဖြစ်သည်။ ယင်းအချိန်၌ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က အချက်ငါးချက်ပါသည့် ထုတ်ပြန်ချက် တစောင် ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်၏ နံပတ် ၃ တွင် ‘Corona Virus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး အတွက် နိုင်ငံတစ်ဝှမ်းရှိ အစိုးရ၊ ပြည်သူ၊ စေတနာ့ဝန်ထမ်းများက အလေးထား ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ULA/AA အကြမ်းဖက်အုပ်စုက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အသက်စွန့်၍ ရွပ်ရွပ်ချွံချွံတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သား အရာရှိ၊ စစ်သည်များအားလုံးကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုပါသည်’ ဟု ဖော်ပြခဲ့သည်။
ယင်းထုတ်ပြန်ချက်သည် ရခိုင်တိုင်းရင်းသားများအတွက် စိတ်ထိခိုက်စရာအကောင်းအဆုံးဖြစ်ခဲ့ရသည်။
အထက်ပါအကြောင်းအရာများ ပြန်လည်ဖော်ပြနေခြင်းကို လူမျိုးကြီးဝါဒအစွဲရှိသူများက ဗမာနှင့် တိုင်းရင်းသားများကြား သပ်လျှိုသွေးခွဲနေခြင်းဟု စွပ်စွဲနိုင်သည်။ သို့သော် သွေးထိုးသပ်လျှို၊ သွေးခွဲနေခြင်း မဟုတ်၊ သင်ခန်းစာယူဖို့ရန်သာဖြစ်သည်။ တိုင်းရင်းသားတန်းတူညီမျှမှု ပကတိတရားကို အမှန်တိုင်းမြင်နိုင်ပြီး ကိုယ့်ကိုယ်ကိုမြင်၊ ကိုယ့်နေရာ ကိုယ်သိဖို့ ဖြစ်သည်။
နွေဦးတော်လှန်ရေးကြီးတွင် စစ်အာဏာရှင်ဖြုတ်ချရေးနှင့်အတူ ဗမာလူမျိုးကြီးဝါဒကိုလည်း တပါတည်း ဖြိုချပစ်နိုင်မှသာလျှင် အနာဂတ်တွင် စစ်မှန်သည့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်သည်။ လက်ရှိ၌လည်း ဗမာလူမျိုးကြီးဝါဒအစွဲအလမ်းများကို ပယ်သတ်နိုင်မှသာလျှင် နွေဦးတော်လှန်ရေးကြီး အမြန်ဆုံးပြီးဆုံးဖို့ နီးစပ်လိမ့်မည်။
လွတ်လပ်ရေးရပြီးကာလမှ ယနေ့တော်လှန်ရေးတပ်ဦးအစိုးရဖွဲ့ထားသည့်အချိန်အထိ ဗမာအများစုပါသည့် အုပ်ချုပ်သူအစိုးရတိုင်းသည် တိုင်းရင်းသား တချို့ကို သမ္မတ၊ ဒုသမ္မတများပေးကာ ကိုယ်စားပြုမှု ပြယုဂ် သက်သက်မျှလုပ်သည့် သဘောထားများကို စွန့်လွှတ်ကာ အနှစ်သာရရှိပြီး တိုင်းရင်းသားများအတွက် အာမခံချက်ပေးနိုင်သည့် တန်းတူညီမျှမှုကို လက်တွေ့ကျကျ ချပြနိုင်ဖို့ အရေးကြီးလျက်ရှိသည်။
#မြေလတ်အသံ
#ဆောင်းပါး #အတွေးအမြင် #တော်လှန်ရေး #လူမျိုးကြီးဝါဒ #ဗမာလူမျိုးကြီးဝါဒ
Share Share Share