သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်မြေပြင်ထဲက အော်ဟစ်သံများ၊ သေနတ်သံများ ကျည်ဖြတ်သန်းသွားသံများက အတိုင်းသားကြားနေရသည်။ ပြင်းထန်လှသည့် ပေါက်ကွဲသံများနှင့် မီးခိုးစ ယမ်းညှော်နံ့တို့ကလည်း ပတ်ဝန်းကျင်ကို လွှမ်းမိုးထားဆဲ။ တိုက်ပွဲ (ပွဲက) မပြီးခင်မှာဘဲ စူးစူးဝါးဝါးအော်ဟစ်သံနဲ့အတူ တော်လှန်ရေးရဲဘော်တဦးရဲ့ ညာဘက်ရင်ဘတ်ကိုဖောက်ပြီး အဆုတ်ကိုဖြတ်သန်းကာ ဂျိုင်းအောက်ကို ကျည်တတောင့် ဖြတ်သန်းဝင်ရောက်သွားခဲ့သည်။
တိုက်ဖော်တိုက်ဖက် ရဲဘော်တွေက ကျည်ထိမှန်သွားသည့် ရဲဘော်ကို ကျည်သွားလမ်းတွေကြားကပဲ တိုက်ပွဲနှင့်မလှမ်းမကမ်းဆီ ဆွဲခေါ်လာခဲ့ကြသည်။ ထို့နောက်မှာတော့ သူနာပြုဆရာမလေး မမီးမီး တယောက် အရေးပေါ်ဆေးအိတ်ကြီးတလုံးနှင့် အလုပ်ရှုပ်နေတော့သည်။ သူမကိုတော့ သေနတ်ကိုင်ထားသည့် ရဲဘော်တွေက ရှည်လျားသည့်ကင်းတန်းရှည်ကြီးနဲ့ စောင့်ကြည့်ပေးနေကြရသည်။
“ဘေးကတော့ လုံခြုံရေးယူထားပေမယ့် ပွဲမပြီးသေးဘဲဖြစ်သွားတော့ သေနတ်သံတွေကိုကြားနေရတာ နည်းနည်းတော့ကျောချမ်းတယ်။ တအားကြီးကြောက်နေတာတော့ မရှိပါဘူး။ လူနာကို ဆွဲခေါ်လာခဲ့လိုက်တယ်။” ဟု စစ်မြေပြင်ထဲမှာ အရေးပေါ်ကယ်ဆယ်ခဲ့ရသည့် အခြေအနေကို မမီးမီးက ပြောပြသည်။
ဆိုးဝါးလှသည့် တောင်တက်လမ်းတလျှောက် ကျည်ထိမှန်ထားသည့် ရဲဘော်ကို ဆိုင်ကယ်ဖြင့် ခေါ်လာဖို့ မဖြစ်နိုင်။ ကားတစီးကတော့ ဘီးကျွံဝင်နေပြီး မောင်းမရတော့ချေ။ ထိုအခြေနေတွင် ကျည်ထိမှန်ထားသည့် နေရာကနေ အဆုတ်ထဲသို့ လေဝင်သွားပြီဆိုတာကို ဆရာမမီးမီးတယောက် သိထားပြီ။
ရဲဘော်၏ ဗိုက်၊ နှလုံးခုန်နှုန်း၊ သွေးခုန်နှုန်းတို့ကို စမ်းသပ်ကြည့်လိုက်သည်။ ပြီးတော့ နားကြပ်နဲ့ထောက်ပြီး နားထောင်ကြည့်တော့ သေချာပေါက် အဆုတ်ထဲမှာ လေသံကို ကြားလိုက်ရပြီ။ ရဲဘော်ကို ဆေးရုံခေါ်သွားဖို့ အရေးတကြီးလိုအပ်နေသည်။ ရဲဘော်ကလည်း ခေါင်းမာသည်။ မရတော့တဲ့အခြေနေဆို သူကိုခေါ်မသွားဖို့ ထားခဲ့ဖို့သာ ပြောနေတော့သည်။
“အဲ့အချိန်မှာကျမ ပွဲကနေတဲ့ကျည်ဆံအသံတွေကို သတိမထားနိုင်တော့ဘူး။ ရဲဘော်ကပြောတယ် ရလား မရရင်ထားခဲ့လိုက်တော့ မလုပ်ပေးနဲ့တော့ ဒုက္ခခံပြီးမသယ်နေနဲ့။ ရတယ်ဘာမှမဖြစ်ဘူး အဆုတ်ထိတာပဲရှိတယ် သေလောက်တဲ့ဒဏ်ရာမဟုတ်ဘူး တို့တွေအချိန်မီဆေးရုံသွားမယ်။ ဆေးရုံသွားလို့ရှိရင် ဆေးရုံရောက်ရင်အဆုတ်ထဲက ဝင်နေတဲ့လေတွေကို ထုတ်လို့ရတယ်လို့ သူကို အားပေးရတာပေါ့” ဟု မမီးမီးက ဆိုသည်။
တိုက်ပွဲကြားထဲကနေ ရဲဘော်ကိုအမြန်ကယ်ထုတ်သွားဖို့ လိုအပ်နေပြီ။ မကြာခင်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူနှင့် လေယာဉ်ဗုံးကြဲမှုများ လုပ်ဆောင်တော့မည်ဆိုတာကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ အားလုံးသိထားကြသည်။
ဆိုးဝါးလှသည့် လမ်းခရီးတွင် ကားဖြင့်တလှိမ့်ချင်းလှိမ့်ကာ ခက်ခဲမှုများကြားကပဲ ကျည်ထိမှန်ထားသည့် ရဲဘော်ကို ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်စပ်မှာရှိသည့် ဆေးရုံကို ပို့ပေးနိုင်ခဲ့သည်။ စစ်မြေပြင်နှင့် ဆေးရုံမှာ မိုင် ၃၀ သာဝေးသော်လည်း အဲ့ဒီနေ့က ညနေ ၃ နာရီကနေ ခရီးဆက်ခဲ့ရာ နောက်တနေ့ နံနက် ၃ နာရီမှသာ ဆေးရုံသို့ရောက်ရှိသည်။ တကယ်တော့ ထိုခရီးသည့် လမ်းကောင်းပါက ကားဖြင့် ၁ နာရီပင် မမောင်းရသည့်ခရီး ဖြစ်သည်။
ထိုပွဲကတဲ့နေက မှတ်မှတ်ရရ လူအများပျော်ပွဲရွှင်ပွဲများ လုပ်ဖို့ ပြင်ဆင်နေကြသည့် ဒီဇင်ဘာလ ၃၁ ရက် ၂၀၂၂ ခုနှစ် နှစ်ကုန်လို့ နှစ်သစ်ကူးကြမည့်နေ့ပင်ဖြစ်သည်ဟု မမီးမီးက မှတ်သားထားသည်။
KNU/KNLA တပ်မဟာ ၂ စိုးမိုးနယ်မြေတခုဖြစ်သည့် သံတောင်မြောက်ပိုင်း စစ်မြေပြင်တကြောမှာ ကျန်းမာရေးအတွက် ကုသပေးဖို့ ဆေးရုံဆေးခန်း ကြီးကြီးမားမားရှိမနေပေ။ စစ်ကောင်စီ၏ Non CDM ကျန်းမာရေးဝန်ထမ်းများကလည်း တိုက်ပွဲများကြောင့် ပြောင်းရွှေ့သွားကြပြီ။
တောနေထူထပ်သလို တောင်ဆင်းတောင်တက် ကြမ်းတမ်းမတ်စောက်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသအတွက် ကျန်းမာရေးဖြေရှင်းဖို့ရာ သာမာန်ကျန်းမာရေးအသိရှိသူ တဦးနှစ်ဦးကသာ ဆေးထိုးပေးနေသည်။ တခြားနည်းကတော့ တိုင်းရင်းသားရိုးရာကုထုံးများနှင့် ဗိန္ဓောဆရာ တို့သာရှိသည်။
ဒေသတခုလုံးတွင် စနစ်တကျသင်ကြားတတ်မြောက်လာသည့် ကျန်းမာရေးမှူး၊ သူနာပြု၊ ဆရာဝန် မရှိပေ။ ဌာနတိုင်းရင်းသားများအတွက် ကျန်းမာရေးကိစ္စခက်ခဲသည့်အနေအထားတွင် တိုက်ပွဲဝင်စစ်မြေပြင်ထဲက ရဲဘော်များအတွက်တော့ ကုရာနတ္တိ ဆရာဝန်မရှိအခြေနေ။
ထိုအခြေအနေမှာပဲ သူနာပြုလိုအပ်ချက်အရ မမီးမီး သံတောင်ဒေသကို ရောက်သွားခဲ့သည်။ ထိုနေ့က ၂၀၂၂ ခုနှစ် ၁၀ လပိုင်း ၂၅ ရက်နေ့။
တကယ်တမ်း တောတောင်တွေထဲ ရောက်သွားတော့ တွေးထင်ထားသည်ထက် ခက်ခဲသည့် နေထိုင်မှုက သူမကို တွန့်ဆုတ်တွေဝေသွားစေခဲ့သည်။ ဆောင်းကာလမှာ တောတောင်ထူထပ်ရာသို့ ရောက်သွားချိန် အေးခဲမှုက မခံစားနိုင်အောင်ပင်။ ယာယီဝါးတဲများကို တာလပတ်မိုးကာစ ကာရံနေထိုင်ရသည်။ ကိုယ်တိုင်ချက်ပြုတ်စားဖို့ ထင်းပါခွေရသည်။
“အစောပိုင်း တောထဲစခန်းမှာ စရောက်တော့ ဒီလိုမျိုးချည်းနေရမယ်လို့ တသက်နဲ့တကိုယ် အိမ်မက်တောင် မမက်ဖူးဘူး၊ ဘယ်လိုမှ မနေနိုင်ဘူး၊ အေးကလည်း တအားအေးတာ။ ရောက်လာချိန်က ဆောင်းတွင်းဆိုတော့ အစောပိုင်းကတော့ ဘယ်လိုမှ အဆင်မပြေဘူး။ စားချင်တာလည်းမစားရဘူး၊ အေးတာကလည်း တအားအေးတော့ ဖြစ်ပါ့မလားလို့ ကိုယ်ဘာသာတွေးတယ်။“ လို့ စစ်မြေပြင်ကို စတင်ရောက်လာခဲ့ပုံကို မမီးမီးက ရီရီမောမောနှင့် ပြောပြသည်။
ထိုခက်ခဲမှုအခြေနေကို မမီးမီးတယောက်ထဲ ကြုံတွေနေရသည်တော့ မဟုတ်။ အခြားနယ်မြေများနှင့် မတူစွာဘဲ တပ်မဟာ ၂ နယ်မြေကတော်လှန်ရေးအဖွဲ့များက ချို့တဲ့နွမ်းပါးသည့် အခြေအနေတွင်ရှိနေသည်။ ထောက်ပံ့မှုနည်းပါးသလို ဒေသတွင်း ချမှတ်ထားသည့် စည်းကမ်းကျင့်ဝတ်များစွာလည်း ရှိနေသည်။
ဒေသတွင်း သစ်တောသစ်ပင်များကို သဘာဝပတ်ဝန်းကျင်အတွက် ထိန်းသိမ်းထားသည်။ စီးပွားဖြစ်သစ်ခုတ် ရောင်းချရခြင်းမရှိ။ ဒေသတွင်း အိမ်တဲဆောက်လုပ်ရေးအတွက် ခွင့်ပြုချက်ဖြင့် အကန့်အသတ်နှင့်သာ ခုတ်ရသည်။ ငါးရှော့တိုက်ခြင်းနှင့် ဆေးချခြင်းတွေ မလုပ်ရ၊ ဝမ်းစာအတွက် ဖမ်းလို့ရသည်။ ငါးသားဖောက်ချိန်များတွင် ဖမ်းခွင့်မပြု။ ထိုအခြေအနေများတွင် KNLA နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့ဝင်များ အစစအရာရာနွမ်းပါးချို့တဲ့သည်။
“ဒီဘက်က ရဲဘော်တွေက နွမ်းပါးကြတယ်။ ယူနီဖောင်းတောင် အပြည့်အစုံဝတ်ဖို့ မလွယ်ဘူး၊ စစ်ရေးပွဲလမ်းသဘင် စစ်ကြောင်းရှိမှ ဝတ်တယ်။ သာမန်အခြေအနေမှာတော့ အပြည့်မဝတ်ရဘူး။ ရိက္ခာမှာလည်းအဲလိုပဲ သူတို့က ရှိတာနဲ့လည်း စားသောက်နိုင်တယ်။ ဖွယ်ဖွယ်ရာရာ သိပ်မရှိဘူး၊ နောက် ကျန်းမာရေးအရ ဆေးဝါးအတွက် တလ ဘယ်လောက်သုံးမယ်ဆိုတာမျိုး မရှိဘူး။ ” လို့ ထောက်ပံ့ကြေး လိုအပ်နေမှုအခြေအနေကို မမီးမီးက ပြောပြသည်။
မြေပြင်ကိုရောက်သွားချိန် စစ်မတိုက်ချင်တဲ့အတွက် စစ်သင်တန်းကို မတက်ခဲ့။ ကျန်းမာရေးဝန်ထမ်းဘဝနဲ့သာ နေခဲ့သူမို့ ဆေးကုပေးဖို့ကိုသာ အားသန်နေခဲ့သည်။ ကိုယ်ကျွမ်းကျင်တဲ့အလုပ်နဲ့ ကိုယ်လုပ်အားထိရောက်တဲ့ နေရာမှာသာ နေချင် လုပ်ကိုင်နေချင်သူ။
ရှိသမျှပိုက်ဆံနဲ့ မိတ်ဆွေများက ထောက်ပံ့မှုများပေါင်းစည်းကာ ဆေးဝါးများဝယ်ယူပြီး ဆေးကုသမှုကို စတင်ခဲ့သည်။ ကြက်ခြေနီ ဆေးအိတ်ကြီးတလုံးကို ဝယ်ယူကာ အရေးပေါ်ကုသရမည့်ဆေးဝါးများကို ထည့်ကာ လွယ်ပိုးရင်း စစ်မြေပြင်ကိုဆင်းခဲ့သည်။ ရံဖန်ရံခါလည်း ရဲဘော်တွေနဲ့ ကျေးရွာသားတွေက ဝိုင်းဝန်း သယ်ပေးကြသည်။ တောင်ဆင်းတောက်တက်တွေကိုသူ မတက်နိုင်။ လမ်းဟုပင် မဆိုသာပဲ မောင်းရသည့်နေရာများကို ဖြတ်မောင်းကြရသည့် အတွက် ကား၊ ဆိုင်ကယ်တို့ကလည်း ခရီးမတွင်။
သို့သော် မမီးမီးတယောက် စစ်မြေပြင်နဲ့အနီးဆုံးကို လိုက်သည်။ ဆွဲထုတ်ရသူများကို ဆွဲထုတ် အပေါ်ကိုပို့ရသူကိုပို့ အောက်မှာသာ ကုရရင်ကု။ ပွဲမကတဲ့ရက်တွေဆို နောက်တန်းပြန်ရဲဘော်တွေအတွက် ဖျားနာကုသပေးသည်။ သာမန်ကျေးရွာသား ဖျားနာသူများကို ဦးစားမပေး။ တိုက်ပွဲဝင်ရဲဘော်များကိုသာ ဦးစားပေး ကုသသည်။ ထိုအခြေအနေကို ဒေသခံများကိုလည်း နားလည်အောင် ပြောပြထားသည်။
“ကျမမှာ ဆေးကုဖို့ လစဉ်ထောက်ပံ့ကြေး မရှိဘူး။ ဆက်သွယ်ထားတဲ့ အဖွဲ့အစည်းမရှိဘူး။ ရတဲ့ပိုက်ဆံလေးနဲ့ကျတော့ ရဲဘော်အတွက် အရေးပေါ်ဆေးဝါးလောက်ပဲ စုထားနိုင်တယ်။ ရဲဘော်တွေကိုပဲ ဦးစားပေးမယ် ရွာသားတွေကိုနောက်မှ ကုမယ်လို့ ပြောထားလိုက်တယ်။ သူတို့ကလည်း လက်ခံကြပါတယ်။ ကုသဖို့ ကျမတယောက်တည်းမနိုင်ရင် ဆေးလိုက်ထိုးပေးတဲ့သူတွေကို လှမ်းအကူညီတောင်းရင် သူတို့ လုပ်ပေးတယ်” ဟု မမီးမီးက ဆိုသည်။
ခက်ခဲကြမ်းတမ်းမှုများနဲ့ အသက်ကိုရင်းပြီး သူတပါးအသက်ကိုကယ်နေပေမယ့် ထူးခြားစွာပဲ ဆေးပညာရပ်ကို သူမစိတ်ဝင်စားခဲ့သည်မဟုတ်။ လူ့ဘဝက ထူးဆန်းစွာအချိုးအကွေ့တွေ တွေ့ရတတ်သလို ဘဝလမ်းလျှောက်ရာမှာလည်း ဝမ်းနည်းဖွယ်ကောင်းအောင် ရွေးချယ်ခွင့်မရခဲ့သည့် အဖြစ်များလည်း ရှိခဲ့ပါသည်။
သာမန်တောသူတောင်သား လက်လုပ်လက်စား မိဘနှစ်ဦးကမွေးဖွားလာခဲ့ပေမယ့် မမီးမီးတယောက် ပညာရေးမှာ ထူးချွန်ခဲ့ပါသည်။ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး ၃ ဘာသာဖြင့်အောင်မြင်ခဲ့ပြီး GTI တက်ရောက်နိုင်သည့် အမှတ်ကိုလည်း မီခဲ့သည်။ သူမကိုယ်တိုင်လည်း အင်ဂျင်နီယာအလုပ်ကို စိတ်ဝင်စား ဝါသနာပါသည်။
မိဘနှစ်ပါးက ငွေကြေးအခက်ခဲကြောင့် စိတ်မကောင်းစွာပဲ GTI တက်ခွင့်ကို ငြင်းပယ်ခဲ့လိုက်သည်။ အင်ဂျင်နီယာဘဝနဲ့ ဝေးခဲ့ပြီးနောက် ကျောင်းဆရာမလုပ်ရန် ပြောဆိုသောလည်း သူမစိတ်မဝင်စားခဲ့ပါ။
နောက်ဆုံးမှာတော့ အစိုးရထောက်ပံ့ကြေးရသည့် သူနာပြုတက္ကသိုလ်တက်ရင်း အစိုးရစားရိတ်နဲ့ပဲ ကျောင်းပြီး ဆေးရုံမှာတာဝန်ထမ်းဆောင်ရင်း ရသည့်လစာဖြင့် မိဘနှစ်ပါးကို ပြန်လည်ထောက်ကူပေးခဲ့သည်။ ၅ နှစ်တာ သူနာပြုဘဝနဲ့ နယ်မြို့လေးတမြို့ရဲ့ တိုက်နယ်ဆေးရုံမှာ မနိုင်ဝန်တွေကိုထမ်းရင်း ဒေသခံတွေအတွက် အလုပ်ကျွေးပြုနေခဲ့သည်။
တိုက်နယ်ဆေးရုံ သတ်မှတ်ချက်အရ ၁၆ ကုတင်သတ်မှတ်ထားပေမယ့် ကျေးရွာများစွာ အားကိုးအားထား ပြုကြရသည့် အတွက် နေ့စဉ်ဆိုသလို အဝင်အထွက်ဖြင့် လူနာ ၄၀ ကျော်ရှိနေတတ်သည်။ ကုသပေးသူကတော့ ဆရာဝန်တယောက် သူနာပြု ၃ ယောက်သာ။ နေ့ဂျူတီ ၂ ယောက်နဲ့ ည ဂျူတီ ၁ ယောက် ပိတ်ရက်မရှိ နားရက်မရှိ ၅ နှစ်တာအတွင်း အလုပ်လုပ်ရင်း အလုပ်မှာ မမီးမီး ပျော်ဝင်သွားတော့သည်။
“ကိုယ်လုပ်ပေးတဲ့သူ အသက်ရှင်ရင် စိတ်က အလိုလိုပျော်နေတာ။ တခါတလေ လူနာတင်ယာဉ်သံကြားရင် ကိုယ့်ဂျူတီမဟုတ်လည်း သွားကိုသွားလိုက်တာ။ မတော်တဆမှုဆို လေးငါးယောက်ဖြစ်ရင်လည်း ပြေးသွားလိုက်တာပဲ။ အဲ့လိုလုပ်ရင်းနဲ့ ဝါသနာက ပါမှန်းမသိပါသွားတာ၊ လုပ်ရတာကို ပျော်နေတာ။” ဟု အတိတ်က ကျေးလက်သူနာပြုဆရာမဘဝကို နှစ်လိုအားရစွာနဲ့ မမီးမီး ပြန်ပြောပြခဲ့ပြန်သည်။
အချိုးအကွေ့မှာ ပျော်အောင်နေခဲ့ပေမယ့် ဘဝကနောက်တကြိမ် အမှောင်ကျပြန်သည်။ အခုတကြိမ်အမှောင်ကတော့ သူမတယောက်တည်းရဲ့ အမှောင်မဟုတ်။ စစ်ကောင်စီအုပ်စု အားပေးထောက်ခံသူတွေကလွဲလို့ မြန်မာတနိုင်ငံလုံးရဲ့အမှောင်။
အမှောင်ဖုံးလွှမ်းသည့်နေ့ အဆိုးထဲကအကောင်းကိုရှာဖွေဖို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့မှာပဲ CDM ပြုလုပ်ကာ ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဖဲကြိုးကမ်ပိန်းတွေကို မမီးမီးတယောက် အားတက်သရော ပြုလုပ်ခဲ့သည်။
သူမအပါအဝင် ရေတာရှည်မြို့နယ်ထဲကနေ စစ်အာဏာသိမ်းမှုအလိုမရှိ ဖဲကြိုးကမ်ပိန်းကို ပြုလုပ်ခဲ့ကြသည့် ကျန်းမာရေးအဝန်းအဝိုင်းက လူ ၅၀ ကျော် ရှိခဲ့သည်။ CDM ပြုလုပ်ရာမှာတော့ အတော်များများက ကျန်ရစ်ခဲ့သည်လို့ စိတ်မကောင်းစွာနဲ့ မမီးမီးက ပြောသည်။
အာဏာသိမ်းသည့်နှစ် ၅ လပိုင်းမှာပဲ စစ်ကောင်စီက မမီးမီးကို ၅၀၅(က) ဖြင့် ဖမ်းဝရမ်းထုတ်လိုက်သည်။ သူမ ရေကြည်ရာမြတ်နုရာ လုံခြုံမည့်ထင်သည့်နေရာများတွင် ရှောင်တိမ်းလှည့်လည်ရင်း တင်းကျပ်လာသည့် စစ်ဆေးမှုများနဲ့ ရင်ဆိုင်လာရသည်။ Non CDM ပြန်လုပ်ဖို့ကိုတော့ သူမ မတွေး တိုးလို့သာ ယုံကြည့်ရာကို လိုက်ခဲ့သည်။
“ဆေးရုံမှာ ကျမတယောက်တည်း စီဒီအမ်လုပ်လို့လည်း ဘာမှမဖြစ်ဘူး။ တရားတဲ့ဖက်က ရပ်တည်တာ မတရားတာကြီးကို လက်ခံနိုင်လား လက်မခံနိုင်ဘူး။ တခြားသူတွေ မလုပ်လို့ ကိုယ်တယောက်တည်းဆိုပြီး အားမငယ်ပါဘူး။” ဟု မမီးမီးက သူရဲ့စိတ်ဓါတ်ခိုင်မာမှုကို တပိုင်းတစထုတ်ဖော်ပြောပြသည်။
ယခုတော့ သံတောင်မြောက်ပိုင်းက လွတ်မြောက်နယ်မြေရှိ တောင်ပေါ် ကရင်ရွာလေးမှာ မမီးမီး အသားကျနေပါပြီ။ ရဲဘော်တွေနဲ့ တခရီးထဲသွားသည်။ ဒေသခံတွေနဲ့ တသားတည်းနေသည်။ အောက်ကျင်း(စစ်တောင်းမြစ်ကမ်းမြို့ရွာများ) ကိုမပြန်တော့။
ဒေသခံတွေကလည်း အောက်ကျင်းကို မဆင်းကြ။ အရေးပေါ်အခြေအနေဆေးကုသဖို့ လိုမှသာ ဆင်းကြသည်။ ဒါကလည်း ငွေကြေးအထိုက်အလျောက် အဆင်ပြေသူများသာ ဆင်းနိုင်သည်။ စစ်တောင်းမြစ်ဂိတ်တွေမှာ အစစ်ဆေးတင်းကျပ်နေသည်။ သာမန်နားဖျားတာမျိုးကတော့ မမီးမီးနဲ့သာ ကုသကြတော့သည်။ မမီးမီးကလည်း ဆေးဝါးပိုနေပါက ကုသပေးသည်။
၂၀၂၃ ကုန်ပိုင်းကစလို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ပွဲက များနေကြသည်။ အောက်ကျင်းက ဒေသခံများကလည်း စစ်ရှောင်နေကြရသည်။ ပွဲကများသည့်အတွက် ဆေးဝါးလိုအပ်ချက်များလာမှာကို မမီးမီးစိုးရိမ်နေသည်။ ကုသရေးအတွက် လုံလောက်သည့် ဆေးဝါးကို လိုချင်နေသည်။ တကိုယ်တော်လှုပ်ရှားနေပြီး အဖွဲ့အစည်းချိတ်ဆက်မှုနှင့် ထောက်ပံ့ကြေးမှန်မှန်မရသည့်အတွက် သူမမျှော်လင့်ချက်က အဝေးမှာပဲ ရှိနေတော့သည်။
“မြေပြင်မှာလည်း လုပ်ပေးမယ့်သူမရှိတော့ တကယ်ဖြစ်လာပြီဆို တကယ်အောက်ခြေမှာ ထဲထဲဝင်ဝင်လုပ်နေတဲ့ ရဲဘော်တွေပဲ ပေးဆပ်ရခံစားရတာဆိုတော့ လုပ်မယ့်သူလည်း မရှိတော့ တခြားနေရာကိုလည်းမသွားရက်ဘူး။ ကိုယ်ရှိနေတဲ့အချိန်မှာ ကျန်းမာရေးကို တိုးတက်အောင် လုပ်ပေးခဲ့ချင်တာ” ဟု မမီးမီးက ပြောသည်။
အိမ်ထောင်မရှိလူလွတ်ဖြစ်သည့် အမျိုးသမီးတယောက်အတွက်လည်း သံယောဇဉ်တွယ်စရာ များများစားစားရှိမနေ။ မိဘနှစ်ဦးကိုသာ လွမ်းမိသည်လို့ မမီးမီးက ရီရီမောမောပဲ ပြောပြသည်။
တော်လှန်ရေးများ ပြီးဆုံးသွားခဲ့ပါက သူမနေရပ်ကို ပြန်ချင်နေသည်။ သူနာပြုအလုပ်ကို စစ်မှန်သောအစိုးရတရပ်ဆီမှာ ဆက်လက်လုပ်ကိုင်ကာ ပြည်သူကိုအလုပ်အကျွေးပြုချင်နေသည်။ ပြန်ချိန်နီးပြီဟုလည်း သူမယုံကြည်မျှော်လင့်နေသည်။
နေရပ်ကို မပြန်ရသေးခင်မှာ မိဘနှစ်ဦးနှင့်သူမ တွေ့ချင်နေသည်။ နယ်မြေကြမ်းတမ်းဆိုးဝါးနေသည့် အတွက်လည်း သက်ကြီးမိဘနှစ်ဦးကို မခေါ်ရက်ပေ။
တခါတရံ မိုးလေဝသကောင်းမွန်ပြီး တိမ်ကင်းစင်သည့်အခါများတွင် တောရှင်းသည့်အမြင့်တနေရာကနေ အောက်ကျင်းဆီကို ငေးမျှော်ကြည့်နေတတ်သည်။ မှုန်ပျပျသာမြင်နေရသည့် အောက်ကျင်းကို စိတ်ကူးဖြင့်ပုံဖော်ရင်း လွမ်းဆွတ်နေတတ်သည်။ တခါတရံတော့လည်း တိမ်ထူနေပါက အောက်ကျင်းကို မမြင်ရဘဲ နေဝင်သွားခဲ့သည်များ ရှိသည်။
နောက်တနေ့မိုးအလင်းမှာတော့ တော်လှန်ရေးရဲဘော်များထံက သတင်းစကားကို နားစွင့်ရမည်။ ပွဲကမည့်အခြေအနေကို စုံစမ်းရမည်။ သူမဆေးအိတ်ကို အဆင့်သင့်ပြင်ထားမည်။ သူမနဲ့အတူ ရဲဘော်တဦးကလည်း စစ်မြေပြင်ထဲကို ပြန်လိုက်နေပေပြီ။
ထိုရဲဘော်မှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ပွဲမှာ အဆုတ်ကျည်ထိမှန်ဖောက်ထွက်ခဲ့ရာမှ မမီးမီးအရေးပေါ်ကုသ ဆေးရုံပို့နိုင်ခဲ့သည့် ရဲဘော်ပဲဖြစ်သည်။
မှတ်ချက် - သူနာပြုဆရာမ၏လုံခြုံရေးအရ မမီးမီးဟု အမည်လွှဲအသုံးပြုပါသည်။
#မြေလတ်အသံ
#ဆောင်းပါး #သူနာပြု #တော်လှန်ရေး #တိုက်ပွဲ #ဆေးကုသ #ရှေ့တန်းစစ်မြေပြင် #ဆေးဝါး #ရိက္ခာ #အခက်အခဲ
Share Share Share