နှင်းရည်စက်လက် ဉာဏ်ရိုးပူဇော်ပွဲ နံနက်ခင်းများ

နှင်းရည်စက်လက် ဉာဏ်ရိုးပူဇော်ပွဲ နံနက်ခင်းများ

တပိုတွဲလပြည့်နေ့ရဲ့ နှင်းရည်စက်လက်နဲ့ နံနက်ခင်းအာရုဏ်ဦးမှာ အလင်းရောင်မရှိတဲ့ မှောင်ရိပ်ထဲ လူတချို့ရဲ့ လှုပ်ရှားသံတွေက ဆူညံမြန်ဆန်လှချည့်ရဲ့။ မြို့လည်ခေါင် လမ်းလေးဆုံနာရီစင်တဝိုက် တောင်လိုပုံထားသည့် ဉာဏ်ရိုးဖြူဖြူတွေက တောဆင်ရိုင်းတွေရဲ့ အစွယ်ရှည်ရှည်တွေလို ထိုးထိုးထောင်ထောင်ပဲ။ 

ထိုအချိန်ကိုရောက်တိုင်း နှင်းရည်စက်လက် နံနက်ခင်းများကို ငေးရီလွမ်းလျက် မြင်ယောင်နေမိသည်။ မြို့ဖွဲ့များကို ရေးရမည်ဆိုပါက ကျနော်မှာ တထောင့်တညပုံပြင်များလို မကုန်နိုင်မဆုံးနိုင်အောင် များပြားပါသည်။ တကယ်လည်း မြို့ကလေးမှာ ဆယ့်နှစ်လရာသီမပြတ်အောင် အမှတ်ရစရာ အဖြစ်အပျက်ပွဲလမ်းသဘင်များက များခဲ့သည်မဟုတ်လား။

တပိုတွဲလပြည့်မတိုင်ခင် ပထမနေ့ လဆန်း ၁၄ ရက်ညနေကတည်းက မြို့လည်ခေါင် နာရီစင်နဲ့ ရွှေဆံတော်ဘုရားခြေရင်းတဝိုက်မှာ ဉာဏ်ရိုးသယ်တွေ ရောက်နေခဲ့ကြပြီ။ သူတို့နဲ့အပြိုင်ဆိုသလို ထမနဲ၊ သစ်သီးဆိုင်တွေ၊ ဒန်ပေါက်ဆိုင်၊ ကလေးကစားစရာအရုပ်၊ ပန်းသယ်တွေနဲ့ အဆာပြေ လက်လုပ်မုန့်မျိုးစုံရောင်းတဲ့ လမ်းဘေးဆိုင်လေးတွေက ယာယီအမိုးလေးတွေနဲ့ အလုအယက်ပါပဲ။ 

လဆန်း ၁၄ ရက်နေ့ ညနေကတည်းက တိုးမပေါက်ဖြတ်လျှောက်မရတော့တဲ့ လမ်းဆိုလည်း မမှားပါဘူး။ နောက်တနေ့နံနက်ခင်းမှာ ပွဲတော်လာရင်းဝယ်လို့ရပေမယ့် တချို့တွေကတော့ အိမ်တွေမှာ ပူဇော်ဖို့ ညနေခင်းကတည်းက လာဝယ်နေကြသည်။ မိသားစုလိုက်၊ မိန်းကလေးအဖွဲ့လိုက်၊ အမျိုးသားတွေအဖွဲ့တွေလိုက်၊ အချို့လည်း ချစ်သူစုံတွဲလေးတွေ ဆိုင်ကယ်ကိုယ်စီစီးလို့ စက်ဘီးကိုယ်စီနင်းလို့ ၃ ချောင်းတစည်း၊ ၅ ချောင်းတစည်း စည်းနှောင်ထားတဲ့ အစည်းလေးတွေကို ရင်ခွင်ပိုက်ကြ။ တချို့လည်း ဘုရားပန်းစည်းတွေ ပန်းကုံးတွေ ကိုင်ဆောင်ပြီး တန်ဆောင်းကနေ တက်သွားကြသည်။ 

ညနေဆည်းဆာသည် ဧရာဝတီမြစ်နောက်တောင်တန်းတွေဘက်ကို တိုးရှိုးဝင်သွားပြီ။ လမ်းမီးတိုင်တွေနဲ့ ကားမီးဆိုင်ကယ်မီးတွေ ကတ္တရာလမ်းမပေါ်မှာ ရှပ်တိုက်ပြေးလွှားကြပြီ။ လက်လုပ်မုန့်မျိုးစုံနဲ့ အကြော်နဲ့ ညှော်နံ့တွေလည်း မြူတွေရောနှောမီးခိုးငွေတွေလို မြင့်တက်သွားသည်။ တညတာလုံး စောင့်ဆိုင်းရောင်းချကြမည့် ဉာဏ်ရိုးသည်ကတော့ မိသားစုပါလာရင် ကလေးသူငယ် သက်ကြီးရွယ်အိုတွေက ပလက်ဖောင်းပေါ် ပီနံအိတ်၊ စက္ကူကတ်ထူပြား၊ စောင်အနွမ်းထွေ ခါကြ ခင်းကြပြီ။ တချို့လည်း မည်ကာမတ္တညစာထမင်းကို ကြွပ်ကြွပ်အိတ် စတီးချိုင့်နဲ့ ကော်ဗူးတွေထဲထည့်ကာ စားနေကြပြီ။

ပြည်မြို့ရဲ့ ဉာဏ်ရိုးပူဇော်ပွဲဟာ မြန်မာနိုင်ငံရဲ့ပွဲတော်များစွာထဲက ထင်ရှားတဲ့ပွဲတော်တခုပါပဲ။ နိုင်ငံအနှံ့တပိုတွဲလကို ထမနဲထိုးပွဲလောက်သာ ပြုလုပ်ကြပေမယ့် ပြည်မြို့မှာတော့ ထမနဲပွဲနဲ့အတူ ဉာဏ်ရိုးပူဇော်ပွဲကို ပူးတွဲကျင်းပကြသည်။ တခုထဲသောပွဲတော်လို့လည်း ပြောရမည်ထင်သည်။ 

ပွဲတော်ကို ဘယ်ကာလကစပြီး ကျင်းပကြသည်ဆိုတာ ဘယ်သူမှ သေချာမပြောနိင်ကြဘူး။ နှစ်များစွာကြာခဲ့ပြီဆိုတာကိုတော့ အားလုံးတညီတညွတ်ထဲ ပြောကြပြန်သည်။ ဉာဏ်ကောင်းချင်ရင် ဉာဏ်ရိုးပူဇော်ဆိုတာကလည်း အိပ်ရာဝင်ပုံပြင်လို ရှိနေသေးသည်။ ကျနော့အထင်တော့ ချမ်းအေးလှသည့် တပိုတွဲလလိုရာသီမျိုးမှာ ဘုရားကိုအမှူးပြုကာ မီးပူဇော်ရာက မီးတောက်လွယ်ငြိမ်းလွယ်ပြီး ပြည်ဒေသရဲ့ ပေါများရှာဖွယ်ရလည်း လွယ်လှသည့် ဉာဏ်ရိုးဖြင့် မီးပူဇော်သည်ဟု တွေးထင်မိသည်။

ပွဲတော်အကြောင်းကို ကျနော်မသိခဲ့ပေမယ့် ဉာဏ်ရိုးအကြောင်းကိုတော့ ဒေသခံတောင်သူလယ်သမားတွေ ပြောပြလို့ နည်းနည်းသိခဲ့ရသည်။ 

ဉာဏ်တောရှိသည့် စမ်းမြေခင်းကို ပိုင်ဆိုင်ထားတဲ့ တောင်သူကြီးတယောက် ပြော ဉာဏ်ပွနဲ့ဉာဏ်အကျစ်ဆိုပြီး နှစ်မျိုးရှိပြီး ဉာဏ်အကျစ်တွေကိုတော့ သီးနှံစိုက်တဲ့နေရာမှာ ထောင်တဲ့တိုင်တွေအဖြစ်သုံးကာ ဉာဏ်အပွကတော့ ဉာဏ်ရိုးပူဇော်ပွဲတွေအတွက် ခုတ်ကြသည်။ မြေဆီသြဇာကောင်းပြီး ဉာဏ်တောရှိသည့် အနီးတဝိုက်က လယ်ယာခင်းတွေက မြေသြဇာမလိုဘူးလို့ ဆိုသည်။

သစ်တောပညာရှင်တစ်ယောက်ကတော့ ကုန်းမှာပိုက်ဆံရေမှာညံ လယ်မြေတွေကို အရည်အသွေးကောင်းမွန်စေသောအပင်၊ Nitrogen Fixing Species အရွက်ထက်အမြစ်က မြစ်ဖုများက အပင်ကို ကြီးထွားသန်မာစေသော နိုက်ထရိုဂျင်ကို ပိုစုပေးသည်လို့ မှတ်ချက်ပြုသည်။ ညံ နဲ့ ဉာဏ် နှစ်မျိုးအခေါ်တွင် ဒေသခံများကတော့ ဉာဏ်ရိုးလို့သာ အခေါ်များကြသည်။ ဉာဏ်ရိုးတွေက ပေါ့ပါးလွန်းပြီး ဖော့တုံးသာသာပါပဲ။ အချို့ကတော့ ဖူးအစိုးလုပ်တဲ့နေရာမှာ သုံးကြသည်။ အစုလိုက်အပြုံလိုက် သုံးတာကတော့ ဉာဏ်ရိုးပူဇော်ပွဲမှာ ဖြစ်သည်။

ဉာဏ်ရိုးထွက်ရာနေရာတွေအဖြစ် ပြည်မြို့တဝိုက်၊ မှော်ဇာ၊ တောင်လုံးညို၊ တီတွဒ်၊ ချောင်းနားတန်း၊ ရှမ်းစု အစရှိတဲ့နေရာတွေကနေ ထွက်ရှိတာဖြစ်ပြီး တနှစ်မှာတကြိမ်ဆိုသလို တပိုတွဲလမှာသာ အစုလိုက်အပြုံလိုက် ခုတ်ပြီးရောင်းချတဲ့ အလုပ်ကို လုပ်တတ်ကြသည်။ အစေ့ချွေကျပြီးချိန်မှာ ခုတ်ရင်တော့ မျိုးမတုံးပဲ အဲနေရာမှာ ထပ်ပေါက်နိုင်သည်။ စောခုတ်လိုက်ရင်တော့ ပြန်ပေါက်စရာ မျိုးစေ့မကျန်ခဲ့လို့ နောက်နှစ်အပင်ပေါက်ဖို့ နည်းပါးသွားနိုင်ကြောင်း ဆိုကြသည်။။

လပြည့်နေ့ရဲ့ နံနက်ခင်းအစော ၃ နာရီလောက်ကတည်းက ရွှေဆံတော်ဘုရားတဝိုက် ခဲခဲလှုပ်မျှလူတွေ ကျပ်သိပ်တိုးနေတတ်သည်။ နံနက်ခင်းအစော အော်မည်တတ်ကြသည့် ငှက်သံတို့ပင် ပျောက်ခမန်းဖုံးကွယ်သွားသည်။ မြို့နီးချုပ်စပ်လို့ခေါ်ရမည့် ရွှေတောင်၊ ပန်းတောင်း၊ ဆင်တဲ၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ဆင်မြီးဆွဲ၊ သဲကုန်း၊ တီတွဒ်တို့လို နေရာမျိုးကနေ ကားတတန် ဆိုင်ကယ်တမျိုး၊ စက်ဘီးကိုယ်စီဖြင့် လာကြသည်။

မြို့တွင်းပြေးဆွဲနေသည့် လေးဘီးကားလိုင်းလေးများလည်း အလုပ်ဖြစ်ကြသည့် နံနက်ခင်းပါပေ။ ဆိုခဲ့ပြီးသလို မိသားစု၊ ချစ်သူစုံတွဲ၊ သူငယ်ချင်းရောင်းရင်းများ စုဖွဲ့လို့ ရွှေဆံတော်ခြေရင်းမှာ လာစုကြသည်။

ရွှေဆံတော်ဘုရား တောင်ဘက်မုဒ် ဒုတိယပစ္စယံက စေတီလေးကွက်လပ်မှာတော့ မီးပူဇော်ဖို့ မီးဖိုကြီးတခုကို မွှေးပေးထားသည်။ မီးဖို့က မီးဖျစ်သံတဖြောက်ဖြောက်၊ မီးညွှန်တွေက တလူလူ၊ မီးပွားတွေက လေထုထဲလွင့်စင် ပျောက်ကွယ်သွားကြသည်။

ဖြတ်သန်းလာခဲ့ရာဒေသကိုယ်စီကို လိုက်ပြီး တပိုတွဲလရဲ့ ချမ်းအေးမှုကြောင့် လက်ဖျားခြေဖျားလေးများ ထုံကျင်နေတတ်သည်။ ခေါင်းစွပ်နားအုပ်မပါသူများက နားရွက်ကလေးများပင် ထုံနေတတ်ကြသည်။ အများစုကလည်း ဟန်ရေးပြစရာ ပွဲလမ်းသဘင်မို့ လုံခြုံနွေးထွေးဖို့တတ် လှပရေးသာ ဦးစားပေးဝတ်ဆင်ကြသည်မို့ သေချာကြည့်မည်ဆိုပါက လက်မောင်းသားလေးများမှာ ကြက်သီးဖုကလေးများ ထအောင်ပင် ချမ်းနေကြသည်။

ဘုရားပေါ်တက်ရာ ဓါတ်လှေခါး၊ စောင်းတန်းများမှာတော့ ကျိတ်ကျိတ်တိုးလို့ လူတန်းကြီးနဲ့သာ ရွေ့လို့လိုက်သွားနိုင်သည်။ ဆွတ်ဖျန်းလာကြသည့် အမွှေးရနံ့ အမွှေးတိုင်၊ ပန်းစည်ပန်းကုံးတွေက ထွက်လာကြသည့် အမွှေးနံ့တို့ဖြင့် အီနေအောင် ခံစားရသည်။ ဉာဏ်ရိုးတွေကတော့ လူတန်းကြီးရဲ့အပေါ် ထိုးထိုးထောင်ထောင် ဖြူဖြူလွလွ။

နောက်တော့ သယ်ယူလာသည့် ဉာဏ်ရိုးများကို လိုရာဆုတောင်းကြကာ မီးဖိုကြီးထဲ ပစ်ထည့်လိုက်ကြတော့သည်။ တဖျစ်ဖျစ်တဖြောက်ဖြောက် နဲ့ မီးပွားတွေကြားထဲ ဉာဏ်ရိုးတို့ ကုန်ဆုံးကွယ်ပျောက်ကြရသည်။ တချို့ကလည်း သနပ်ခါးတုံး၊ အမွှေးနံ့သာတိုင်တို့ကိုလည်း ထည့်သွင်းမီးရှို့ကြသေးသည်။

မိုးအလင်းစရောက်ချိန်မှာတော့ မီးပူဇော်မှုလည်း ပြီးဆုံးလို့ အရှိုရှိုပြန်သွားကြသည်။ အချို့လည်း မပြန်ကြဘဲ ဧရာဝတီမြစ်အနောက်ဘက်ကမ်းမှာရှိသည့် ဖိုးဦးတောင်ဘုရား ပွဲတော်သို့ မြစ်ပြင်ကိုဖြတ်ကာ စက်လှေကလေးများဖြင့် သွားကြသည်။ အခုတော့ ကုန်းလမ်းလည်းပေါက်လို့ ကားများဖြင့် သွားကြသည်။ ဖိုးဦးတောင်ပွဲတော်ကလည်း တရက်တည်းသာကျင်းပသည်။ 

ဘုရားခြေရင်းတဝိုက် နာရီစင်တဝိုက်မှာတော့ အမှိုက်သရိုက်မျိုးစုံ၊ ရောင်းမကုန်ခဲ့သည့်ဉာဏ်ရိုးပုံတို့ဖြင့် ရှုပ်ထွေးကာကျစ်ရစ်သည်။ နှစ်တနှစ်သည် ပြီးဆုံးခဲ့ပြန်ပါသည်။

ရိုးရာဓလေ့ရာသီပွဲတော်တို့က ကိုဗစ်ကာလနှင့် စစ်အာဏာသိမ်းမှုကာလများမှာ ပျောက်ကွယ်ဆိတ်သုဉ်းခဲ့ရသည်။ အစဉ်အလာမပျက် ဟန်လုပ်ကျင်းပနေကြရသော်လည်း သူတို့မပျော်ကြ။ သူတို့စိတ်မလွတ်လပ်ကြ။ ပျှော်ရွှင်မှုသည် အပြစ်တခု ကျိန်စာတခုလို ဖြစ်နေကြပြီ။ စိတ်လိုက်မာန်ပါ ဝန်ထုပ်ဝန်ပိုးမရှိသော ပျှော်ရွှင်ခြင်းမျိုးဖြင့် ရိုးရာပွဲတော်များကို ကျနော် ကြုံဆုံချင်ပါသေးသည်။

ပုံစာ - ၂၀၁၇ ခုနှစ်က ဉာဏ်ရိုးပူဇော်ပွဲ ကျင်းပနေစဉ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10