နှစ်ကြိမ်မီးရှို့ခံရလို့ ယာယီတဲနဲ့နေရသူတွေရဲ့တဲဆောင်တွေ ထပ်မံမီးရှို့ခံရ

နှစ်ကြိမ်မီးရှို့ခံရလို့ ယာယီတဲနဲ့နေရသူတွေရဲ့တဲဆောင်တွေ ထပ်မံမီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာကို စစ်ကောင်စီတပ်သားတွေက သြဂုတ် ၂ ရက် ညနေ ၄ နာရီကျော်မှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် လူနေအိမ်နဲ့ယာယီတဲဆောင် ၂၇ လုံး ပျက်စီးခဲ့တယ်လို့ People's Defense Comrade အဖွဲ့ထံက သိရပါတယ်။

ရမကန်ကျေးရွာကို စစ်ကောင်စီတပ်က ၂ ကြိမ်မီးရှို့ထားပြီး ယမန်နေ့က ၃ ကြိမ်မြောက်မီးရှို့ခံရတာမှာတော့ အသစ်ပြန်ဆောက်ထားတဲ့ ယာယီတဲဆောင် ၂၀ အပါအဝင် နေအိမ် ၂၇ ဆောင်မီးရှို့ခံရလို့ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

"ဒီနေ့ (သြဂုတ် ၃)မှာ စစ်ကြောင်းက မရကန်ကနေ ဒီပဲယင်းမြို့တွင်း ဝင်သွားပြီဖြစ်လို့ တိမ်းရှောင်ပြည်သူတွေ ပြန်ဝင်နေကြပါတယ်။ အိမ်တွေကို စကစ တွေက ရွာထဲညအိပ်ပြီးတော့ရှို့သွားတာ" လို့ ​ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကျေးရွာထဲကို မီးရှို့ဖို့ဝင်ရောက်လာချိန် လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် လင်မယားဖြစ်ကြတဲ့ ကိုနိုင်ဝင်းနဲ့ မချောစုဝင်းတို့ ကျည်ထိမှန်ခဲ့ကြတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ယမန်နေ့က မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ခမရ ၇၀၂၊ ၇၀၈ တပ်ရင်းကဖြစ်ပြီး အင်အား ၁၃၀ ကျော်နဲ့ ရေဦးမြို့ကနေ ဒီပဲယင်းမြို့ နယ်၊ မရကန်ရွာကို ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။

အဲဒီစစ်ကြောင်း မရကန်ရွာကိုမရောက်မီ လမ်းခုလတ်တနေရာမှာ Bagan Ogre Force၊ Yan Gyi Aung PDF၊ အဖြူရောင်ပကဖ(ဒီပဲယင်း)၊ ညောင်ဦးခရိုင်တပ်ရင်း (၅)၊ တပ်ခွဲ(၂)၊ နည်စည်းမခြားဖက်ဒရယ်စစ်ကြောင်း ဒီပဲယင်း(ပကဖ) တို့က အသင့်စောင့်ကြိုကာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Bagan Ogre Force မှ ပြန်ကြားရေးတာဝန်ခံ ကိုဇီးကွက်က ပြောပါတယ်။

အိမ်ခြေ ၅၀၀ ခန့်ရှိတဲ့ မရကန်ကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဧပြီလ ၁၉ ရက်မှာ နေအိမ် ၉ လုံးနဲ့ ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်မှာ စပါးကျီတွေအပါအဝင် နေအိမ် ၇၀ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်ကာ ယခုတကြိမ်အပါ ၃ ကြိမ်မီးရှို့ခံရတာကြောင့် စုစုပေါင်းနေအိမ် ၁၀၆ လုံး ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရေဦး၊ ဒီပဲယင်း၊ ရွှေဘိုမြို့နယ်ထဲက စစ်ရှောင်ပြည်သူပေါင်း ၂ သောင်းနီးပါးဟာ ဒီပဲယင်းမြို့နယ်ထဲက ဘေးကင်းတဲ့နေရာတွေမှာ ၅ ရက်ကြာအထိ တိမ်းရှောင် ခိုလှုံနေနေကြရတာကြောင့် စားနပ်ရိက္ခာ အဓိကလိုအပ်နေကြတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ဒီပဲယင်း #ရွှေဘို #ပကဖ #PDF #စစ်ကောင်စီ #မီးဘေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10