နှစ်ပူ၊ သုံးပူဆင့်နေသည့် အညာပြည်သူများ၏ သယ်ယူပို့‌ဆောင်စရိတ် (အတွေးအမြင်)

နှစ်ပူ၊ သုံးပူဆင့်နေသည့် အညာပြည်သူများ၏ သယ်ယူပို့‌ဆောင်စရိတ် (အတွေးအမြင်)

အပူပိုင်းအညာဒေသ မကွေးတိုင်းရှိ စစ်ကောင်စီ တပ်မ(၁၀၁) အခြေစိုက်ရာ ပခုက္ကူမြို့နှင့်ဆက်သွယ်ထားသည့် လမ်းပိုင်း ၄ ခုရှိလေရာ အရှေ့ဘက်တွင် ပခုက္ကူ-ရေစကြိုလမ်း၊ တောင်ဘက်တွင် ပခုက္ကူ-ပုဂံညောင်ဦးလမ်း၊ မြောက်ဘက်တွင် ပခုက္ကူ-မြိုင်လမ်း၊ အနောက်ဘက်တွင် ပခုက္ကူ-ပေါက်လမ်းတို့ဖြစ်သည်။ 

ထိုလမ်းပိုင်းများထဲမှ ပခုက္ကူ-ပေါက်လမ်းသည် သယ်ယူစရိတ်အမြင့်ဆုံးဖြစ်‌နေသည်။ 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ပခုက္ကူမြို့မှ ပေါက်မြို့သို့ ၄၆ မိုင်ခရီးကိုသွားလျှင် လူတဦးကို ယာဉ်စီးခ ၁၀၀၀ ကျပ်၊ ဆန်အိတ် တအိတ်လျှင် တန်ဆာခ ၁၀၀၀ ကျပ်သာပေးရပါသည်။ စက်သုံးဆီဈေးနှုန်းမှာလည်း ဓာတ်ဆီအောက်တိန်း(92) တလီတာ ၈၄၅ ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၈၇၅ ကျပ်၊ ရိုးရိုးဒီဇယ်တလီတာ ၈၅၅ ကျပ်သာ ပေါက်ဈေးရှိခဲ့လေသည်။

ယခုနှစ်(၂၀၂၄)တွင် ပခုက္ကူနှင့် ပေါက်ကြား ခရီးတဝက် မိုင် ၂၀ အကွာအဝေးရှိ ကမ္မကိုသွားလျှင်ပင် လူတဦး လျှင် ကျပ် ၈၀၀၀ မှ ၁၀၀၀၀ ကျပ်အထိ ပေး‌နေရပြီး ကုန်ပစ္စည်းသယ်ယူခ ဆန် ၁၀၈ ပေါင်အိတ် တအိတ်လျှင် ကျပ် ၅၀၀၀ မှ ၆၀၀၀ ကျပ်၊ ပဲမျိုးစုံ ၂၅ ပိဿာအိတ် တအိတ် ၂၅၀၀- ၃၅၀၀ ကျပ်၊ ကြက်သွန်နီတပိဿာ ၁၀၀-၁၅၀ ကျပ်ဝန်းကျင်၊ ဓာတ်ဆီ ဒီဇယ်တပေပါကို ၂၅၀၀၀-၃၀၀၀၀ ကျပ်၊ စားအုန်းဆီ ၁၀ ပိဿာ တပုံးကို ၂၅၀၀-၃၀၀၀ ကျပ်၊ အထွေထွေကုန် တပေပတ်လည် ဂျပ်ဖာပုံးတပုံး ၁၅၀၀-၂၀၀၀ ကျပ် စသဖြင့်ပေးရ‌ကြောင်း ဒေသခံပြည်သူများက ပြောသည်။ 

ထို့ပြင် အိမ်စီးကားငယ်များ စင်းလုံးငှားအော်ဒါခေါ်လျှင် ကမ္မ-ပခုက္ကူကို ၆၀၀၀၀-၈၀၀၀၀ ကျပ်ထိ ဈေးဖြစ်နေပေသည်။ 

ထို့ကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မည်သို့ ကြီးမြင့်နေရသနည်း လေ့လာစမ်းစစ်ကြည့်ပါက ပထမအချက်အနေနဲ့ စက်သုံးဆီဈေးများကြည့်လျှင် ဒေသပေါက်ဈေး (92)အောက်တိန်း ဓာတ်ဆီတလီတာကို ကျပ် ၂၈၀၀ ကျော်၊ (Premium) ဒီဇယ်တလီတာလျှင် ကျပ် ၃၀၀၀ကျော်၊ ရိုးရိုးဒီဇယ်တလီတာ ကျပ် ၂၆၀၀ ကျော် ဖြစ်လေသည်။ မိုင် ၂၀ ခရီးကို ကားလေးတစီးလျှင် ဆီဖိုး ၁၃၀၀၀-၁၈၀၀၀ ကျပ်ဝန်းကျင်၊ ကုန်ကားလတ် တစီးလျှင် ၂၅၀၀၀-၃၅၀၀၀ ကျပ်ဝန်းကျင်သာ ကုန်ကျပေသည်။ 

ဒုတိယအနေဖြင့် အရင်းအနှီးအဖြစ် မော်တော်ကားဈေးနှုန်းများ ကြည့်ပါက ၂၀၂၁ နှင့်ယှဉ်ကြည့်ရာ ကားဈေးနှုန်းများ ၂ ဆမှ ၃ ဆထိ ဈေးတက်သွားကြောင်းတွေ့ရပေမည်။

တတိယအချက်ကတော့ လမ်းပန်းဆက်သွယ်ရေးပါ။ ပခုက္ကူ-ကမ္မလမ်းပိုင်းသည် ရာသီမရွေးသွားလာနိုင်သည့် ကတ္တရာခင်းလမ်း ၁၈ ပေအကျယ်ဖြစ်သည်။ လမ်းတလျှောက် သဲချောင်း‌များရှိသော်လည်း အားလုံးကွန်ကရစ် ရေကျော်များ ဆောက်လုပ်ပြီးဖြစ်ပေသည်။

စတုတ္ထအနေနဲ့ဆိုလျှင် နိုင်ငံရေး၊ စစ်ရေး နယ်မြေအခြေ‌အနေဖြစ်ပါသည်။ လမ်းပိုင်းခရီးတဝက်‌‌လောက် အရောက်တွင် စကစမှ မီးရှို့ထားသည့် ကန်တော်ရွာကိုတွေ့ရပေမည်။ အခြား လမ်းတလျှောက် ရွာများအားလုံး ခေတ်အလျောက် ပုံမှန်နီးပါးသွားလာနေကြပေသည်။ 

တချို့လမ်းပိုင်းနေရာများတွင်တော့ မိုင်းကွဲထားသည့် လမ်းစပ်ကျင်းချိုင့်များကို တွေ့နိုင်ပါသည်။ စကစ ရိက္ခာကားတန်းနှင့် စစ်ကြောင်းများ ဖြတ်သန်းချိန်တွင်တော့ ၃ ရက်မှ ၅ ရက်လောက်ထိ နှစ်ဖက်စလုံးမှ လမ်းပိတ်ထားတတ်ပေသည်။ လမ်းပိုင်းသည် ပုံမှန်ခေတ် ၂၄ နာရီ ဖြတ်သန်းသွားလာနိုင်သော်လည်း ခေတ်ပျက်တွင် စကစဂိတ်တွေက ပိတ်ပင်ထားသဖြင့် ည ၇ နာရီမှ မနက် ၅ နာရီအတွင်း သာမန်ပြည်သူများ အသွားအလာ မရှိပေ။

ပဉ္စမပိုင်းအဖြစ် ခရီးစဉ်တလျှောက်ပြေးဆွဲသည့် ယာဉ်အရေအတွက်ကြည့်ပါက လက်ရှိအချိန် တနေ့လျှင် ကားမျိုးစုံအစီးရေ ၃၀ မှ ၈၀ စီး ကြားနှင့် သုံးဘီးဆိုင်ကယ်မျိုးစုံ ၅ မှ ၂၀ စီးကြား ပြေးဆွဲနေကြောင်းသိရ    ပါသည်။

ဆဌမပိုင်းအနေဖြင့်ဆိုလျှင် ပခုက္ကူ-ကမ္မလမ်းပိုင်းတွင် ပိုက်ဆံ၊ လက်ဆောင်ပေးဖြတ်ရသည့် စကစစစ်‌ဆေး ရေးဂိတ် ၅ ခုရှိပေသည်။ ထိုဂိတ်များမှာ တင်းဂတ်ဂိတ်၊ ရထားသံလမ်းဂိတ်ခေါ် ကောင်းစက်ဝိုင်ဆီဆိုင်ဂိတ်၊ ကန်တော်ဂိတ်၊ ညောင်ပင်လှလမ်းခွဲဂိတ်၊ ညောင်ဂျစ်ပင်ဂိတ် တို့ဖြစ်လေသည်။ 

ထိုဂိတ်များတွင် အိမ်စီးကားလေးများဆိုလျှင် ကွမ်းယာဆေးလိပ်၊ ရေသန့်ဘူးတို့သာ ပေးရသော်လည်း လိုက်ထရပ်မှစ၍ ကုန်ကားများဆိုလျှင် ပါလာသည့် ကုန်အပေါ်မူတည်၍ ၅၀၀၀-၁၀၀၀၀ ပေးရလေသည်။ 

ပခုက္ကူမှ ကုန်တင်မည်ဆိုလျှင် ကားတစီးလျှင် ဆန် ၃ အိတ်၊ စားဆီ ၃ ပုံးသာ တင်ရသော်လည်း အခြားစား သောက်ကုန်များ အကန့်အသတ်မရှိပေ။ တင်ခွင့်လုံးဝမရသည့် ကန့်သတ်ကုန်များမှာ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ ဘက်ထရီအိုး၊ ဓာတ်ခဲ၊ မိုးကာချပ်များ၊ နိုက်ထရိုဂျင် ဓာတ်မြေဩဇာများ၊ သံထည် ပစ္စည်းများ၊ ပိုက်အမျိုးမျိုး၊ တူညီဝတ်စုံများ၊ ဖိနပ်များ၊ ဆိုင်ကယ်ကား အချို့အပိုပစ္စည်းများ၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ စသည်တို့ဖြစ်ပေသည်။ 

ခရီးသည်ဆိုလျှင် မှတ်ပုံတင်လိုအပ်ပြီး ဖုန်းနှင့် ပါလာသည့် ခရီးဆောင်အိတ်အပါအဝင် ကားပေါ်ပါကုန်ပစ္စည်း အားလုံး စစ်ဆေးခံရမည်ဖြစ်ပေသည်။ အဓိက စစ်ဆေးသောဂိတ်မှာ ပခုက္ကူမှအထွက် ပထမဆုံးတွေ့မည့် တင်းဂတ်ဂိတ်ဖြစ်ပြီး အစစ်ဆေးကြမ်း၊ ပိုက်ဆံတောင်းကြမ်းသည်။ ဖုန်းထဲ တော်လှန်ရေးနှင့်ပတ်သက်တာ တခုခုတွေ့ပါက ရိုက်နှက်နှိပ်စက်သည့်အထိ လုပ်တတ်သဖြင့် အဆိုပါ တင်းဂတ်ဂိတ်မှာ နာမည်ဆိုးဖြင့် ကျော်ကြားသည်။ 

သတ္တမမြောက်အချက်မှာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်စပယ်ယာ လုပ်အားခများဖြစ်ပေသည်။ မိုင် ၂၀ အသွားအပြန်ခရီးကို အိမ်စီးကားဒရိုင်ဘာကြေးမှာ ၁၅၀၀၀ - ၂၀၀၀၀ ကျပ်၊ ကုန်ကားဒရိုင်ဘာကြေးမှာ ၂၀၀၀၀-၂၅၀၀၀ ကျပ်၊ ကုန်ကားလိုင်းကား ယာဉ်နောက်လိုက်စပယ်ယာကြေးမှာ ၁၀၀၀၀-၁၅၀၀၀ ကျပ်ဖြစ်ပေသည်။ နေ့လယ်စာ၊ ဆေးလိပ်ကွမ်းယာကျွေးသည့် ကားပိုင်ရှိသလို မကျွေးသည့်ကားပိုင်များလည်း ရှိပေသည်။

သို့သော် အခုလောလောဆယ်တွင် ဆယ်ပေဒိုင်နာအထက်ကားများ သိပ်မဆွဲကြပေ။ အကြောင်းက ချောဆွဲခံရမှာ ကြောက်၍ဖြစ်သည်။ 

ကုန်တင်နေကျ ဈေးသူဈေးသားများ၏ ပြောပြချက်အရ တချို့ကားသမားများကို ဈေးမဆစ်ရဲကြောင်း၊ ဈေးဆစ်ပါက နောက်တခါမတင်ဘူးဟု ခြိမ်းခြောက်ပြောဆိုတာခံရကြောင်း သိရပေသည်။

ကားသမားများပြောသည်မှာလည်း စကစများအား မျက်နှာချိုသွေးရခြင်း၊ လမ်းကြေးပေးရခြင်းနှင့် သုံးလေးလတခါ ချောဆွဲငွေညှစ်ခံရခြင်း၊ လမ်းဘေး မိုင်းအန္တရာယ်တို့ကြားမှ သွားလာရခြင်းကြောင့်ဟု ဆိုပေသည်။

တတိယအုပ်စု ပိုက်ဆံရှိလူတန်းစားများကတော့ ချောဆွဲခံရနည်းသည့် လိုက်ထရပ်ကားများ အပြိုင်အဆိုင်ဝယ်ယူလာကြပြီး ကုန်ကားဈေးကွက်ကို ဝင်ရောက်လာလို့ ကားအစီးရေတိုးလာသော်လည်း ကားခဈေးနှုန်းများ ကျမသွားပေ။ 

ပခုက္ကူမြို့ရှိ ဆေးခန်းပြလာသည့် အမျိုးသမီးလူနာတဦးသည် ဆေးခန်းပြခြင်း၊ ဆေးဝယ်ခြင်းအတွက် ကျပ် သုံးသောင်းကျော်သာ ကုန်ကျသည်။ ကားငှားရမ်းခမှာ ကျပ် ၇၀၀၀၀ ကုန်ကျသည်ဟု ရင်ဖွင့်သည်။ 

‌ပြည်သူ့‌တော်လှန်ရေးအဖွဲ့များနှင့် နီးစပ်သူများအား လက်ရှိအဖြစ်အပျက်ကို မေးမြန်းကြည့်ရာ သူတို့လည်း အလုံးစုံတတ်နိုင်သည် မဟုတ်ကြောင်း၊ စကစ စိုးမိုးနယ်မြေနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရတာ ဖြစ်သည့် အတွက် ပြည်သူ့အတွက် ရာနှုန်းပြည့် စွမ်းဆောင်နိုင်မည် မဟုတ်ကြောင်း၊ ပြည်သူအချင်းချင်း ကိုယ်ပိုင်အသိ စိတ်၊ ကိုယ်ချင်းစာစိတ်ဖြင့် မျှမျှတတ စီးပွားရှာသင့်ကြောင်း၊ ခေတ်ပျက်မှာ ဝိသမလောဘဖြင့် သူဌေးမလုပ် သင့်ကြောင်း၊ အများပြည်သူအပေါ် ဘယ်သူကဖြင့် မတော်လောဘသုံး စီးပွားရှာကြောင်း သာမန်ပြည်သူတို့၏ စိတ်ထဲ အမြဲအမှတ်ရဖြစ်နေမှာဖြစ်ကြောင်း၊ ကိုယ့်သမိုင်း ကောင်း မကောင်း ကိုယ်တိုင်ရေးရမှာဖြစ်ကြောင်း၊ ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်မည်သာဖြစ်ကြောင်း မှတ်ချက်ပေးသည်။ 

နိုင်ငံ့အရေး စိတ်ဝင်စားလေ့လာနေသည့် ပြည်သူတဦးကမူ သာမန်အောက်ခြေပြည်သူလူထုကတော့ မိအေး အခါခါနာခြင်းဟု ဆိုသည်။ စစ်ကောင်စီက နှိပ်စက်တာလည်းခံရ၊ ဝိသမလောဘ‌သားများ၏ ကိုယ်ကျိုးရှာစီးပွားရေး အမြတ်ထုတ်ခြင်းလည်းခံရ။ ကုန်ဈေးနှုန်းကြီးမြင့်သည့်ဒဏ်လည်း ခံရ၊ စီးပွားရေး မကောင်းသည့်ကြားက သွားရေးလာရေး ခက်ခဲမှုများကို မျိုးစုံခံနေရခြင်းဖြစ်သည်ဟု သုံးသပ်သည်။ 

ကားပိုင်များနှင့် နီးစပ်သူတဦးကတော့ “ သူတို့မှာ သိန်း ၂၀၀ လောက်ရင်းပြီး တခေါက်ကို ၁ သိန်း၊ ၂ သိန်း အသားတင်ကျန်တာကို မကိုက်ဘူးတဲ့” ဟု ပြုံးစီစီလုပ်လျက် မှတ်ချက်ပြုလေသည်။ 

#မြေလတ်အသံ

#ဆောင်းပါး #အတွေးအမြင် #မကွေး #အညာ #သယ်ယူပို့ဆောင်စရိတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10