နှောကုန်းရွာမှာ စစ်တပ်ကသတ်ခဲ့တဲ့ အမျိုးသမီး ၃ ဦးကို PDF တွေလို့ သတင်းအမှားဖြန့် (Fact Check)

နှောကုန်းရွာမှာ စစ်တပ်ကသတ်ခဲ့တဲ့ အမျိုးသမီး ၃ ဦးကို PDF တွေလို့ သတင်းအမှားဖြန့် (Fact Check)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ နှောကုန်းရွာကို နိုဝင်ဘာ ၁၄ ရက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး သတ်ဖြတ်သွားတဲ့ အမျိုးသမီး ၃ ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေဖြစ်တယ်လို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေပါတယ်။

 

■ သတင်းအမှားပျံ့နှံ့မှု ■

“ပခုက္ကူ နှောကုန်းရွာ ပဒက်စခန်းကိုသုတ်သင်ရှင်းလင်းဖျက်ဆီးပြီး ဒေသခံပဒက် ၃ ဦးကိုသုတ်သင် (မူရင်းရေးသားချက်အတိုင်း)” ဟုဆိုကာ ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။

အဆိုပါအကြောင်းအရာကို စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ Subscribers ၃၁,၀၀၀ ကျော်ရှိ နေပြည်တော် တယ်လီဂရမ်ချန်နယ်မှ နိုဝင်ဘာ ၁၅ ရက် မနက် ၉ နာရီ ၅၀ မိနစ်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက် ဒီကနေ့ မနက်ပိုင်းအထိ ကြည့်ရှုသူ ၁၉,၉၀၀ ကျော် Reaction ၁၁၄ ခုနဲ့ မှတ်ချက် ၉ ခု ရှိခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် အထက်ပါအကြောင်းအရာကိုပဲ မနက် ၁၀ နာရီ ၂ မိနစ်မှာ Subscribers ၂၅,၀၀၀ ကျော်ရှိတဲ့ Truth Media နဲ့ မနက် ၁၀ နာရီ ၂၉ မိနစ် Subscribers ၂၇,၀၀၀ ကျော်ရှိတဲ့ KO CHIT (MDY) တယ်လီဂရမ်ချန်နယ်တွေက မူရင်းတင်တဲ့ နေပြည်တော်တယ်လီဂရန်ချန်နယ်နဲ့ အချိန်မိနစ်ပိုင်းသာခြားပြီး ထပ်ဆင့်မျှဝေဖော်ပြခဲ့တာကို တွေ့ ရှိရပါတယ်။

သတင်းမှားဖော်ပြမှုမူရင်းနဲ့ ထပ်ဆင့်ဖော်ပြမှုတွေကို အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

နေပြည်တော် တယ်လီဂရမ်ချန်နယ် မှ ဖော်ပြမှု - https://archive.ph/4yi5m

Truth Media တယ်လီဂရန်ချမ်နယ် မှ ဖော်ပြမှု - https://archive.ph/9LB8P

KO CHIT (MDY) တယ်လီဂရမ်ချန်နယ် မှ ဖော်ပြမှု - https://archive.ph/oFBmT

အဆိုပါအကြောင်းအရာ တယ်လီဂရန်လူမှုကွန်ယက်မှာပျံ့နှံ့နေမှုကို မြေလတ်အသံက ပြန်လည်စစ်ဆေးခဲ့ရာ အချက်အလက်မှားယွင်းနေပြီး သတင်းတု၊ သတင်းမှားဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါတယ်။

 

■ သတင်းမှားဖြစ်ကြောင်း စိစစ်ဖော်ပြချက် ■ 

အထက်အကြောင်းအရာနဲ့ပတ်သက်ပြီး Google မှာ “ပခုက္ကူ နှောကုန်းရွာ” ဆိုတဲ့စာသားနဲ့ ရှာဖွေကြည့်ရာ “Radio Free Asia” သတင်းဌာန Website မှာ “ပခုက္ကူဒေသခံ အမျိုးသမီးသုံးဦးကို စစ်ကောင်စီသတ်ဖြတ်” ဆိုတဲ့သတင်းကိုတွေ့ရှိရပြီး သတင်းဖော်ပြချက်မှာတော့ မကွေးတိုင်း ပခုက္ကူမြို့နယ် နှောကုန်းရွာမှာ နိုဝင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ပြီး နေအိမ် ၂၀၀ နီးပါးကို မီးရှို့ဖျက်စီးခဲ့တဲ့အပြင် ဒေသခံအမျိုးသမီး ၃ ဦးကို သတ်ဖြတ်သွားခဲ့ကြောင်းဖော်ပြထားတာကို တွေ့ရှိရပါတယ်။

Google မှာ “ပခုက္ကူ နှောကုန်းရွာ” ဆိုတဲ့စာသားနဲ့ ဆက်လက်ရှာဖွေကြည့်ရာမှာ RFA မှ သတင်းဖော်ပြချက်အပြင် အခြားလွတ်လပ်တဲ့သတင်းဌာနတွေကလည်း အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖော်ပြထားတာတွေကိုတွေ့ရှိရကာ အဲ့ဒီဖော်ပြချက်တွေမှာ ပခုက္ကူမြို့နယ်၊ နှောကုန်းရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ပြီး ဒေသခံအမျိုးသမီး ၃ ဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ရေးသားထားတာတွေကို တွေ့ရှိခဲ့ရပါတယ်။

လွပ်လပ်တဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်တွေကို အောက်ပါလင်ခ့်တွေမှာ ကြည့်ရှုနိုင်ပါတယ် -

ပခုက္ကူဒေသခံ အမျိုးသမီးသုံးဦးကို စစ်ကောင်စီသတ်ဖြတ်ကြောင်း RFA မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

ပခုက္ကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့စစ်ကြောင်းက မီးရှို့ခဲ့လို့ ရွာလုံးကျွတ်နီးပါးမီးလောင်၊ အမျိုးသမီးသုံးဦးသတ်ဖြတ်ခံရကြောင်း The Nation Voice မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

ပခုက္ကူ နှောကုန်းရွာမှ အမျိုးသမီး ၃ ဦး မီးရှို့သတ်ခံရပြီး ရွာလုံးကျွတ်နီးပါး မီးလောင်ကြောင်း The Irrawaddy - Burmese Edition မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

ဒါကြောင့် ပခုက္ကူ နှောကုန်းရွာမှာ PDF စခန်းကိုဖျက်ဆီးခဲ့ပြီး PDF ၃ ဦးကို ဖမ်းမိသုတ်သင်ခဲ့တယ်ဆိုတာဟာ နားလည်မှုလွဲမှားစေတဲ့ သတင်းအမှားတခုသာ ဖြစ်ပါတယ်။

 

■ သတင်းအမှားဖြန့်ဝေနေတဲ့အကောင့်များအား စိစစ်ချက် ■ 

သတင်းအမှားဖြန့်ဝေနေတဲ့ နေပြည်တော်တယ်လီဂရန်ချန်နယ်ကို စိစစ်ကြည့်ရာမှာ လူမျိုးရေး၊ ဘာသာရေးအမုန်းစကားတွေနဲ့သတင်းမှားတွေကို အစဉ် တစိုက်ဖြန့်ဝေနေပြီး စစ်ကောင်စီတပ်ကို ထောက်ခံရေးသားဝါဒဖြန့်နေတဲ့ ချန်နယ်တခုဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။ 

ဒါ့အပြင် အဆိုပါသတင်းအမှားကို ထပ်ဆင့်မျှဝေထားတဲ့ Truth Media မှာ Kyaw Kyaw Min အမည်နဲ့ တယ်လီဂရန်အသုံးပြုသူက သတင်းတုတွေတင်ဆက်နေတာကိုတွေ့ရှိရသလို နေပြည်တော်နဲ့ Truth Media တယ်လီဂရန်ချန်နယ်တွေဟာ အပြန်အလှန်သတင်းတွေမျှဝေတာ၊ သတင်းအကြောင်းအရာတခုတည်းကို အချိန်ကွာခြားချက်မရှိဘဲ တပြိုင်တည်း ဖြန့်ဝေလေ့ရှိတာတွေကိုလည်း တွေ့ရှိရပါတယ်။ 

သတင်းအမှားကိုထပ်ဆင့်ဖြန့်ဝေနေတဲ့ KO CHIT (MDY) တယ်လီဂရမ်ချန်နယ်ဟာလည်း လူမျိုးရေး၊ ဘာသာရေးအမုန်းစကားတွေနဲ့သတင်းမှားတွေကို အစဉ်တစိုက်ဖြန့်ဝေနေပြီး စစ်ကောင်စီတပ်ကို ထောက်ခံရေးသားဝါဒဖြန့်နေတဲ့ အလားတူ ချန်နယ်တခုဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

နေပြည်တော် တယ်လီဂရမ်ချန်နယ် - https://archive.ph/t5Zxz

Truth Media တယ်လီဂရမ်ချန်နယ် - https://archive.ph/J2DMk

KO CHIT (MDY) တယ်လီဂရမ်ချန်နယ် - https://archive.ph/AEGF5

၎င်းချန်နယ်တွေ ယခင်ဖြန့်ဝေခဲ့တဲ့ သတင်းအမှားတွေထဲက Myanmar Fact-checking Network - MFCN မှ အချက်အလက်စစ်ဆေးစိစစ်ဖော်ပြထားတဲ့ သတင်းအမှားအကြောင်းအရာတချို့ကို အောက်ပါလင့်ခ်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

နေပြည်တော် တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - https://shorturl.at/Dynk2

Truth Media တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - https://shorturl.at/9Rrf3

 

■ သုံးသပ်ချက် ■

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေဟာ စစ်ကောင်စီတပ်ရဲ့အရပ်သားပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေနဲ့ ဒေသခံနေအိမ်တွေ၊ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာတွေကို ဖုံးကွယ်နိုင်ဖို့အတွက် အရပ်သားသေဆုံးမှုတွေနဲ့ အရပ်သားပိုင်အဆောက်အဦ ဖျက်ဆီးခံရမှုတွေကို စစ်ရေးပစ်မှတ် PDF တွေနဲ့ PDF စခန်းတွေသာဖြစ်ကြောင်း သတင်းတု၊ သတင်းမှားတွေ ရည်ရွယ်ချက်ရှိရှိလုပ်ကြံဖန်တီးကာ ဖြန့်ဝေလေ့ရှိပါတယ်။

အခုဖြစ်စဉ်မှာဆိုရင်လည်း စစ်ကောင်စီတပ်က စစ်ရေးနဲ့သက်ဆိုင်ခြင်းမရှိတဲ့ကျေးရွာက အရပ်သားပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံအမျိုး သမီး ၃ ဦးကို သတ်ဖြတ်ခဲ့တဲ့အပေါ် ဖုံးကွယ်နိုင်ဖို့အတွက် PDF စခန်းကိုဖျက်ဆီးပြီး PDF တွေကို သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း လုပ်ကြံဖန်တီးထားတာဖြစ်ပါတယ်။ 

ဒါကြောင့် ဒီလိုသတင်းတွေကိုတွေ့ရင် အလွယ်တကူမယုံကြည်သင့်ဘဲ အဲ့ဒီသတင်းတွေမှာ ပါဝင်တဲ့ ဓါတ်ပုံ၊ စာသားတွေကို Google ကနေ ရှာဖွေတိုက်ဆိုင်စစ်ဆေး ဖတ်ရှုတာမျိုးအပြင် အချက်အလက်အတည်ပြုပြီးဖော်ပြတဲ့ လွတ်လပ်သောသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်တွေကိုလည်း ကြည့်ရှုပြီး နှိုင်းယှဉ်စဉ်းစားနိုင်ဖို့ အကြံပြုအပ်ပါတယ်။

#မြေလတ်အသံ

#Factcheck #သတင်းတုသတင်းမှား #ပခုက္ကူ #နှောကုန်း #မီးရှို့ #သတ်ဖြတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10