ပခုက္ကူ တပ်မ ၁၀၁ ကိုသွားမယ့် စစ်အုပ်စု တိုက်ခိုက်ခံရလို့ စစ်သား ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ တပ်စွဲနေတဲ့ အင်အား ၇၀ ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပခုက္ကူ တပ်မ ၁၀၁ ကို သွားရောက်တဲ့အချိန် အုန်းတောကျေးရွာအထွက်မှာ PDF တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့  စစ်ကောင်စီစစ်သား ၃ ဦးသေပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်ပကဖ ဆီက သိရပါတယ်။

အဲဒီစစ်အုပ်စုဟာ ဩဂုတ်လ ၁၆ ရက် နေ့လယ် ၁၀ နာရီလောက်မှာ အုန်းတောရွာက နေအိမ်ပစ္စည်းတွေ ခိုးယူပြီး ထွက်လာတဲ့အချိန် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

"မနက်ပိုင်း ၈ နာရီ ၄၀ မိနစ်လောက်မှာ အုန်းတောရွာကို ဝင်တယ်၊ နေ့လယ် ၁၀ နာရီလောက်မှာ အုန်းတောရွာအပြင်ဘက်ထွက်လာတဲ့အချိန် ကျနော်တို့က အသင့်စောင့်ပြီး ဝိုင်းပစ်ကြတယ်၊ စစ်ကောင်စီဘက်က စစ်** ၃ ကောင်လဲကျသွားတယ်၊ နေ့လယ် ၁၁ နာရီ ၄၀ မိနစ်မှာ နောက်ထပ်တပွဲဖြစ်တယ်၊ ၅ မိနစ်လောက်ပဲ ကြာတယ်၊ ၁ ကောင်တော့လဲကျသွားတယ်၊ ၃ ကောင်သေပြီး ပေါက်ဆေးရုံမှာ ၁ ကောင်ကုသနေတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီနေ့ ညနေ ၅ နာရီလောက်မှာလည်း စစ်ကောင်စီနဲ့ PDF တပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်မှုထပ်ဖြစ်ချိန် ကာကွယ်ရေးအဖွဲ့ဘက်က ရဲဘော်တဦး ပေါင်ကျည်ထိမှန်သွားပြီး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုဟာ စစ်ကောင်စီယာဉ်တန် အစီး ၃၀နဲ့  ဩဂုတ် ၅ ရက် ကျောက်ထုကနေ ထွက်လာပြီး ဩဂုတ် ၁၃ ရက်က ပေါက်နယ်ထဲကို ရောက်လာကာ တပ်စွဲနေတာဖြစ်ပြီး ပခုက္ကူ တပ်မ ၁၀၁ ကိုသွားမှာလို့ ဗိုလ်လက်ယာက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖ၊ မြိုင်ပ.က.ဖ ရင်း ( ၃ ) ခွဲ ( ၅ )၊ ပေါက် ပ.က.ဖ နဲ့ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်ကလည်း စစ်ရိက္ခာကားတွေကို ကင်းစောင့်ပေးတဲ့စစ်အုပ်စုကို ညောင်ဂျစ်ပင်ရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖ အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၄ ‌ဦးသေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပေါက် #စစ်အုပ်စု #တိုက်ခိုက်ခံရ #စစ်သား #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10