ပခုက္ကူက ကျေးရွာတွေကို စစ်တပ်ကဝင်စီးပြီး တောင်သူတဦးကို ပစ်သတ်ကာ ဆိုင်ကယ်အစီး ၃၀ ကျော် ယူသွား

ပခုက္ကူက ကျေးရွာတွေကို စစ်တပ်ကဝင်စီးပြီး တောင်သူတဦးကို ပစ်သတ်ကာ ဆိုင်ကယ်အစီး ၃၀ ကျော် ယူသွား

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ကျေးရွာတွေထဲကို မေလ ၂ ရက် ဒီမနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး ရွာခံအမျိုးသားတဦးကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပစ်သတ်ခံရသူဟာ ဆယ်လံကျေးရွာက အသက် ၂၀ ဝန်းကျင်အရွယ် ကိုဝေလုဖြစ်ပြီး စစ်ကြောင်းထိုးလာလို့ သူ့ရဲ့ငရုတ်စိုက်ခင်းကနေထွက်ပြေးချိန် စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တာလို့ ဆယ်လံကျေးရွာသားတဦးက မြေလတ်အသံကို ပြောပါတယ်။


"စစ်ကြောင်းထိုးလာတဲ့အချိန်မှာ သူကစိုက်ခင်းကိုရေတင်နေတာ။ အဲအချိန်မှာ စကစတွေက စိုက်ခင်းနားကိုရောက်လာတော့ သူကထွက်ပြေးလို့ လိုက်ပစ်လိုက်တာ။ သေနတ်မှန်ပြီးတော့ သွေးထွက်လွန်ပြီး ပွဲချင်းပြီးသေသွားတာ" လို့ ပြောပါတယ်။

သေဆုံးသူ ကိုဝေလုရဲ့ရုပ်အလောင်းကိုတော့ ဆယ်လံရွာက သူ့ရဲ့မိဘတွေက လာရောက်ကောက်ယူပြီး ငွေသောင်ရွာမှာ မြေမြုပ်သဂြိုဟ်လိုက်တယ်လို့ ဆိုပါတယ်။

အင်အား ၁၅၀ ကျော်ပါတဲ့ အဲ့ဒီစစ်ကြောင်းဟာ ဒီမနက် ၆ နာရီကျော်မှာလည်း အိုင်းကြီးရွာနဲ့ညောင်လှရွာကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ထွက်ပြေးတဲ့ ဒေသခံတွေရဲ့ဆိုင်ကယ်အစီးရေ ၃၀ ကျော်ကိုလည်း ယူသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

" ရွာကနေဆိုင်ကယ်တွေ၊ စက်ဘီးတွေ၊ နွားလှည်းတွေနဲ့ပြေးကြရတာ။ စစ်ကြောင်းက ရွာအပြင်အထိ လိုက်စစ်တာ။ ရွာသားတွေကစိုက်ခင်းထဲမှာ ဆိုင်ကယ်ကိုရပ်ပြီးတော့ ပုန်းနေကြတာ။ အဲ့မှာရပ်ထားတဲ့ ဆိုင်ကယ်အစီး ၃၀ ကျော်လောက်ကို မောင်းတဲ့သူကမောင်းလို့ ကားပေါ်လည်း တင်သွားကြတယ်"လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ကြောင်းဟာ ကျေးရွာထဲကနေ ပြန်လည်ထွက်ခွာသွားပြီဖြစ်တာကြောင့် ထွက်ပြေးနေကြရတဲ့ ဒေသခံသောင်းချီထဲက တချိုကျေးရွာသားတွေအနေနဲ့ ရွာတွေအတွင်း ပြန်လည်ဝင်ရောက်နေကြရပြီလို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

လက်ရှိရွာတွေကို ထိုးနေတဲ့စစ်ကြောင်းဟာ မြစ်ခြေမြို့အခြေစိုက် အမှတ် ၁ တိရစ္ဆာန်မွေးမြူရေးနဲ့ လေ့ကျင့်ရေးတပ် (ဒေသအခေါ် BPIတပ်)နဲ့ ကျွန်းချောင်း(EPC)စက်ရုံထဲမှာ တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်သားတွေဖြစ်ကြတယ်လို့ သိရပါတယ်။

စာတည်း-ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10