ပခုက္ကူက ထွက်လာတဲ့ စစ်ယာဉ်တန်း ၄ ရက်သာ တိုက်ခိုက်ခံရပြီး ၂ ဦးသေ ၉ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီ စစ်ယာဥ်တန်းတွေကို အောက်တိုဘာ ၅ ရက်ကနေ ၈ ရက်အထိ ကာကွယ်ရေးအဖွဲ့တွေက ရော့ကတ်တွေနဲ့ပစ်ခတ်ပြီး ဒရုန်းနဲ့ပါ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖ ဆီက သိရပါတယ်။

အဲ့ဒီစစ်ယာဉ်တန်းဟာ အစီး ၇၀ ဝန်းကျင်နဲ့ ပခုက္ကူမြို့ကနေ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်လောက် ကတည်းက ထွက်လာခဲ့ပြီး အောက်တိုဘာ ၅ ရက်ကနေ ၈ ရက်အထိ ပေါက်နဲ့ မြိုင်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ကြတာပါ။ 

အောက်တိုဘာ ၆ ရက်မှာတော့ စစ်ယာဉ်တန်းမှာပါလာတဲ့ စစ်သား အင်အား ၆၀ ကျော်လောက်ဟာ အုန်းတောမြောက်စုရွာကို  မီးရှို့ခဲ့တာကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။  

အောက်တိုဘာ ၆ ရက်ကနေ ၈ ရက်အထိ လက်နက်ကြီးတွေနဲ့ နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ၄ ရက်တာ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂ ဦးသေ၊  ၉ ဦး ဒဏ်ရာရတယ်လို့လည်း ဗိုလ်လက်ယာက ပြောပါတယ်။ 

ကာကွယ်ရေးဘက်က ဒရုန်းအကြီး ၁ စီးနဲ့ မောင်းသူမဲ့လေယာဉ် ၂ စီးဆုံးရှုံးခဲ့တယ်လို့ သိရကာ အောက်တိုဘာ ၈ ရက်က စစ်ကောင်စီယာဉ်တန်း အစီး  ၂၀ က ပေါက်မြို့ထဲ ဝင်သွားခဲ့ပြီး ကျန်အစီးတွေကတော့ ပေါက်မြို့နယ်ထဲက ယာကြီးပြင်တံတားအနီးမှာ ရှိနေတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပကဖ၊ ပေါက်ဗိုလ်တစ္ဆေ၊ ပေါက်ပကဖအဖွဲ့၊ အညာမြေ ပျောက်ကျားတပ်ဖွဲ့၊ Scorpion တပ်ဖွဲ့၊ BBF အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပေါက်နဲ့ မြိုင် #စစ်ယာဉ်တန်း #တိုက်ခိုက်ခံရ #စစ်သား #ထိခိုက် #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10