ပခုက္ကူ၊ ကိုင်းရွာကို စစ်ကောင်စီတပ်က ရုတ်တရက်ဝင်စီးပြီး ကိုယ်ဝန်ဆောင်နဲ့ ကျေးရွာပကဖ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်    ■ လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၁ ဦးလည်း သေဆုံး

ပခုက္ကူ၊ ကိုင်းရွာကို စစ်ကောင်စီတပ်က ရုတ်တရက်ဝင်စီးပြီး ကိုယ်ဝန်ဆောင်နဲ့ ကျေးရွာပကဖ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ် ■ လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၁ ဦးလည်း သေဆုံး

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာကို စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးနဲ့ ကျေးရွာပကဖ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပကဖ၊ တပ်ခွဲ ၃ ထံက သိရပါတယ်။

အောက်တိုဘာ ၁၇ ရက် မနက် ၅ နာရီကျော်မှာ ပခုက္ကူမြို့ဘက်ကနေ အင်အား ၁၀၀ ကျော်နဲ့လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ကာကွယ်ရေးအဖွဲ့တွေရှိနေတဲ့ ကိုင်းကျေးရွာကို ရုတ်တရက်ဝင်ရောက်စီးနင်းခဲ့ကာ စီးနင်းခံရချိန်မှာ ရွာပကဖတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲတချို့ဖြစ်ခဲ့ပြီးနောက် ရွာပကဖခေါင်းဆောင်နဲ့ ကိုယ်ဝန် ၅ လရှိ ဇနီးဖြစ်သူအမျိုးသမီးတို့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ဖမ်းဆီးတာကိုခံလိုက်ရတယ်လို့ ဆိုပါတယ်။

" ဗိုက်ကြီးသည်မိန်းမကလည်း ခေါင်းဆောင်မိန်းမမှန်းသိတော့ ဗိုက်ကိုခွဲပြီး အူတွေကိုထုတ်ခဲ့တာ။ မျက်နှာကိုလည်း ဓားနဲ့မွှန်းသွားတာ။"လို့ ပခုက္ကူမြို့ နယ်ပကဖ၊ တပ်ခွဲ ၃ ရဲဘော် ၁ ဦးက မြေလတ်အသံကို ပြောပါတယ်။

ကျေးရွာပကဖခေါင်းဆောင်ကတော့ ခုခံထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကျန်ခဲ့တဲ့ဇနီးဖြစ်သူ အသက် ၂၅ နှစ်အရွယ် မအသန်းကို စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက် ကျေးရွာပကဖတွေနဲ့ စစ်ကောင်စီအဖွဲ့တွေ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရာ အသက် ၂၄ နှစ် ဝန်းကျင်ရှိ ရဲဘော် ၂ ဦး ထပ်မံဖမ်းဆီးခံလိုက်ရပြီး ၎င်းရဲဘော် ၂ ဦးကိုလည်း စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

သတ်ဖြတ်ခံလိုက်ရတဲ့ ရဲဘော် ၂ ဦးရဲ့ ရုပ်အလောင်း အောက်တိုဘာ ၁၈ ရက် မနေ့က ကျေးရွာအနီးချောင်းစပ်ရှိ အဆောက်အဦအတွင်း ပြန်တွေ့ခဲ့ရပြီး ရဲဘော်တွေမှာ ဦးခေါင်းပွင့်ထွက်၊ ဝမ်းဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိတွေ့တိုက်ပွဲတွေဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကိုင်းကျေးရွာနေ အသက် ၂၉ နှစ်အရွယ် အမျိုးသမီး ၁ ဦး လက်နက်ကြီးဗုံးစ ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိ ၁ ဦးသေဆုံးပြီး တော်လှန်ရေးအဖွဲ့ဝင်တွေရဲ့ သေနတ် ၂ လက်နဲ့ ပစ္စည်းအချို့သိမ်းဆည်းခံလိုက်ရကာ စစ်ကောင်စီအဖွဲ့က သတ်ဖြတ်သွားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးအလောင်းကို အောက်တိုဘာ ၁၇ ရက်၊ ရဲဘော် ၂ ဦးကို အောက်တိုဘာ ၁၈ ရက်တွေမှာ အသီးသီး သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအဖွဲ့တွေ ကျေးရွာကိုစစ်ကြောင်းဝင်ချိန် ရွာခံ ၃၀၀၀ ခန့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးခဲ့ရပြီး အောက်တိုဘာ ၁၉ ရက် ဒီကနေ့မနက်ပိုင်းထိ နေအိမ်တွေကို မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။

ပုံစာ - စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် ရဲဘော် ၂ ဦး အလောင်းအား တွေ့ရစဉ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပခုက္ကူ #ကိုင်းရွာ #စစ်တပ် #သတ်ဖြတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10