ပခုက္ကူက စစ်အုပ်စု တပ်စွဲတဲ့နေရာ ၂ ခု ဗုံးကြဲခံရ

ပခုက္ကူက စစ်အုပ်စု တပ်စွဲတဲ့နေရာ ၂ ခု ဗုံးကြဲခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့နေရာ ၂ ခုကို ဇန်နဝါရီ ၁၁ ရက်နဲ့ ၁၃ ရက်မှာ ဒေသခံကာကွယ်ရေးတပ်တွေက ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Pakokku -Special Task Force အဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၁၁ ရက်မှာ ပခုက္ကူမြို့ထဲရှိ စစ်သားအင်အား ၃၀ နဲ့ တပ်စွဲနေတဲ့ ခရိုင်ရဲစခန်းကိုဒရုန်းနဲ့ ဗုံးကြဲချခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်မှာ ချည်မျှင်နဲ့အထည်စက်ရုံရှေ့ရှိ စစ်သားအင်အား ၂၀ နဲ့တပ်စွဲထားတဲ့ ဂိတ်ကို ဗုံးကြဲချတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

 

၂ နေရာကို ဗုံးသီး ၆ လုံးချနိုင်ခဲ့တယ်၊ မြို့ထဲဖြစ်တာကြောင့်ရော ပစ္စည်းမလုံလောက်တာကြောင့်ရော ၆ လုံးပဲချနိုင်ခဲ့တယ်။ ခရိုင်ရဲစခန်းက Jumper တွေ အားကောင်းလို့ ၁ လုံးပဲချနိုင်ခဲ့တယ်၊ ချည်မျှင်ဂိတ် ကိုတော့ ၅ လုံးချနိုင်ခဲ့တာ” လို့ Pakokku-Special Task Force ရဲဘော်ရန်နောင်က ပြောပါတယ်။

 

ရဲစခန်းအတွင်းတိုက်ခိုက်မှုမှာတော့ ဗုံးသီးက ဘန်ကာတွေနဲ့ လိုင်းခန်းတွေပေါ်ကျရောက်ပြီး ၃ ဦးထိခိုက်မှုရှိခဲ့ကာ ချည်မျှင်စက်ရုံရှေ့က စစ်ကောင်စီဂိတ် တိုက်ခိုက်မှုမှာတော့ ၁ ဦးထိခိုက် ခဲ့တယ်လို့ ဆိုပါတယ်။

 

ဒီတိုက်ခိုက်မှုတွေပြီးတဲ့နောက် စစ်ကောင်စီက ပခုက္ကူမြို့ပေါ်မှာ လမ်းတွေပိတ် စစ်ဆေးမှုတွေလုပ်ပြီး မြို့အရှေ့ဘက်အခြမ်းက ကျွဲတဲ၊ ရွှေသန်းသစ်၊ ကွမ်းရွာ၊ ပေါင်လောင်ကန်ရွာ ဘက်တွေကို စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

 

ဒီတိုက်ခိုက်မှုကို Pakokku-Special Task Force ပခုက္ကူမြို့နယ်ပကဖ တပ်ခွဲ - ၁ ၊ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့-MRG ၊ ပခုက္ကူခရိုင်တပ်ရင်း - ၃ ၊ ပခုက္ကူခရိုင်တပ်ရင်း - ၁၀ ၊ ပခုက္ကူခရိုင်တပ်ရင်း - ၁၄ ၊ ညီနောင်သုံးဖော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Bagan - Nyaung U Special Task Force Pakokku - Special Guerrillas Force နှင့် Kingsman UG Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။

 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်ကလည်း ပခုက္ကူမြို့မြို့နယ်၊ ပတိုင်းခြုံရွာ စစ်ဆေးရေးဂိတ်ကို Pakokku-Special Task Force ပခုက္ကူမြို့နယ်ပကဖ တပ်ခွဲ - ၁ အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့ပါသေးတယ်။

 

 

စာတည်း - လင်း

#မြေလတ်အသံ

 

#မကွေး #ပခုက္ကူ #စစ်ကောင်စီ #တိုက်ခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10