ပခုက္ကူက ပျူစောထီး ၃ ဦးအပါ ၄ ဦး ရှင်းလင်းခံရ၊ သေနတ် ၁ လက်ပါ သိမ်းနိုင်ခဲ့

ပခုက္ကူက ပျူစောထီး ၃ ဦးအပါ ၄ ဦး ရှင်းလင်းခံရ၊ သေနတ် ၁ လက်ပါ သိမ်းနိုင်ခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာက စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီး ၃ ဦးနဲ့ စစ်တပ်သတင်းပေး ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ 

နိုဝင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်လောက်မှာ စစ်သား ၁၀ ဦးနဲ့ ပျူစောထီး ၂၀ ဦးလောက် ရှိနေတဲ့ ညောင်ဂျစ်ပင်ရွာကို ဒေသခံကာကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက နှစ်နေရာခွဲပြီး ဝင်ရောက် တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

"နေ့လယ်လောက်မှာ ဝင်စီးတာ။ သတင်းပေးဒလန်နဲ့ ပျူစောထီးတွေနေတာကို ဝင်ရှင်းတာ။ ပျူစောထီး ၃ ယောက်နဲ့ သတင်းပေးဒလန် ၁ ယောက် သေဆုံးတယ်။ ကိုယ့်ဘက်ကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်" လို့ ပခုက္ကူခရိုင် တပ်ရင်း ၁၃ တပ်ထောက်က ပြောပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချိန် ညောင်ဂျစ်ပင်ရွာက ပျူစောထီးခေါင်းဆောင် ချစ်စမ်းမောင်ရဲ့ ဇနီးဖြစ်သူအပါအဝင် ၄ ဦးကို ရှင်းလင်းနိုင်ခဲ့ပြီး ရှော့ဂန်း ၁ လက်နဲ့ ကျည် ၃ တောင့်ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

"ရွာဂိတ်မှာက ပျူနဲ့စကစပေါင်းတဖွဲ့ရှိတယ်။ အဲ့နေရာကိုလည်း တိုက်တယ်။ ရွာထဲကိုလည်း ဝင်ရှင်းတာမှာ ပျူတွေဘက်က ပြန်ပစ်တာရှိလို့ ရှင်းလင်းခဲ့ရတာ။ အမျိုးသမီးကျတော့ အသတကြည် လိုက်ခဲ့ဖို့ခေါ်တာ ကပ်ကြေးကိုင်ပြီး ပြန်ရန်ပြုလို့ ရှင်းခဲ့လိုက်ရတယ်” လို့  ပခုက္ကူပကဖတာဝန်ခံ ကိုဇင်ယော်က ပြောပါတယ်။

ရှင်းလင်းခံရသူတွေဟာ အသက် ၃၀ ကျော်နဲ့ ၆၀ ကျော်အရွယ်တွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပြီး သူတို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ဒီတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပခုက္ကူခရိုင်တပ်ရင်း ၁၃ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပျူစောထီးတွေ ရှင်းလင်းခံရပြီးနောက်မှာ စစ်ကောင်စီတပ်တွေက အင်အားတိုးပြီး အဲ့ဒီရွာတဝိုက်ကို စစ်ကြောင်းဝင်နေတယ်လို့လည်း သိရပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်ကလည်း ပခုက္ကူခရိုင် တပ်ရင်း ၁၃ အဖွဲ့က ပခုက္ကူမြို့နယ်က ထွက်လာတဲ့ စစ်ကား ၃ စီးကို ကန်တော်ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ညောင်ဂျစ်ပင် #စစ်ကောင်စီ #ပျူစောထီး #ကာကွယ်ရေးတပ် #ရှင်းလင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10