ပခုက္ကူခရိုင်အတွင်းက ရဲဘော် ၄၃ ဦးကို မြိုင်ပကဖ က ကိုယ်ထူကိုယ်ထနဲ့ လက်နက်တပ်ဆင်ပေးနိုင်

ပခုက္ကူခရိုင်အတွင်းက ရဲဘော် ၄၃ ဦးကို မြိုင်ပကဖ က ကိုယ်ထူကိုယ်ထနဲ့ လက်နက်တပ်ဆင်ပေးနိုင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) က တပ်ဖွဲ့ဝင်တွေနဲ့ ပခုက္ကူခရိုင်အတွင်းက တပ်ဖွဲ့ဝင် စုစုပေါင်း ၄၃ ဦး ကို လက်နက်ကိုယ်စီတပ်ဆင်ပေးခဲ့တယ်လို့ မြိုင်ပကဖတာ ဝန်ခံထံက သိရပါတယ်။

လက်နက်တပ်ဆင်ပေးတဲ့ အခမ်းအနားကို ဇန်နဝါရီ ၁၆ ရက် မနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး AK၊ M 16၊ G 3 ၊ G 4 စတဲ့ လက်နက်ငယ်မျိုးစုံ ၄၃ လက် ၊ အရံလက်နက်ကြီးအနေနဲ့ RPG ၊ စက်လတ် ၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်းတို့ကို တပ်ဆင်ပေးခဲ့တာလို့ ဆိုပါတယ်။

“ သင်တန်းတက်တာက ရဲဘော် ၈၀ နီးပါးတက်တယ်။ သင်တန်းစည်းကမ်းချက်နဲ့ မကိုက်ညီတာတွေ ကျန်းမာရေးမကောင်းတာတွေရှိတော့ ရွေးချယ်ပြီး လက်နက်တပ်ဆင်ပေးနိုင်တာကတော့ ၄၃ ဦးရှိတယ် “ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာက မြေလတ်အသံကို ပြောပါတယ်။

အဆိုပါသင်တန်းဆင်းရဲဘော်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်က သင်တန်းဆင်းတာဖြစ်ပြီး ၁ လအကြာမှာ လက်နက်ကိုယ်စီတပ်ဆင်ပေးနိုင်ခဲ့တာလို့ သိရပါတယ်။

တပ်ဆင်ပေးခဲ့တဲ့ လက်နက်တွေဟာ ပြည်သူလူထုကထောက်ပံ့လှူဒါန်းငွေနဲ့ ဝယ်ယူရရှိမှု၊ လက်နက်နဲ့အတူအလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထံကရရှိတဲ့ လက်နက်တွေအပြင် တိုက်ပွဲတွေအတွင်းသိမ်းဆည်းရမိခဲ့တဲ့ လက်နက်တချို့လည်း ပါဝင်တယ်လို့ မြိုင်ပကဖခေါင်းဆောင်က ပြောပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #မြိုင် #လက်နက်တပ်ဆင် #PDF #ကိုယ်ထူကိုယ်ထ #အခမ်းအနား #သတင်း #မြေလတ်သတင်း #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10