ပခုက္ကူနဲ့ ခင်ဦးနယ်က နေအိမ်တွေကို စစ်ကောင်စီမီးရှို့

ပခုက္ကူနဲ့ ခင်ဦးနယ်က နေအိမ်တွေကို စစ်ကောင်စီမီးရှို့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ကျေးရွာတွေက နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ဇန်နဝါရီလ ၃၀ ရက်နဲ့ ၃၁ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

ပခုက္ကူမြို့နယ်၊ ကန်တော်ရွာ မီးရှို့ခံရလို့ နေအိမ် ၇၀ ကျော်ကို ဇန်နဝါရီလ ၃၀ ရက်မနေ့က ညနေ ၃ နာရီဝန်းကျင်မှာ တမခ ၁၀၁ က စစ်သားတွေနဲ့ အောင်သာကျေးရွာဘက်က ပျူစောထီးတွေက ပူးပေါင်းအင်အား ၂၀၀ ခန့်နဲ့ ဝင်ရောက်မီးရှို့သွားတာလို့ ပခုက္ကူ ပကဖ တာဝန်ခံက ပြောပါတယ်။

"သူတို့က ပခုက္ကူဘက်ကနေ လာတာ။ ပြီးတော့ ကန်တော်ရွာက PDF တွေကို ထောက်ခံတယ်။ ထောက်ခံတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မီးရှို့သွားတာ။ သူတို့မီးရှို့တော့ ဒေသခံတွေက ရွာလုံးကျွတ် ရှောင်ပြေးကြရတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီအဖွဲ့ဟာ ကျေးရွာကို မီးရှို့ပြီးနောက် PDF တွေရှိနိုင်မယ်ထင်တဲ့ ကန်ရပ်ကြီးကျေးရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုးဖို့ ထွက်သွားတယ်လို့ ဆိုပါတယ်။

ကန်တော်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော် လူဦးရေ ၇၀၀ ကျော်ရှိတဲ့ကျေးရွာဖြစ်ပြီး စစ်ကောင်စီမီးရှို့လို့ ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် နေထိုင်စားသောက်ရေးတွေလည်း ခက်ခဲနေတယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ လလယ်လောက်ကလည်း ကန်တော်ရွာက နေအိမ် ၁ လုံးကို PDF နေအိမ်လို့ဆိုကာ စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့သွားခဲ့သလို ဒီဇင်ဘာလ ၅ ရက် ညနေပိုင်းကလည်း ပခုက္ကူမြို့နယ်၊ အနောက်ကုန်းကျေးရွာက နေအိမ် ၆ လုံးကို စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ စစ်ကိုင်းနဲ့မကွေးတိုင်းအတွင်းက ကျေးရွာအများစုကို ခုလအတွင်းမှာလည်း စစ်ကြောင်းထိုးမီးရှို့တာတွေ ဆက်တိုက်ဆိုသလို လုပ်လျှက်ရှိနေပါတယ်။

ခင်ဦးမြို့နယ်ထဲက ရုံးစုကျေးရွာ၊ အင်ကြင်းပင်ရွာ၊ စိုင်ဒိုး၊ သရက်ပင်ဝန်းရွာတွေနဲ့ ဗျိုင်းကြိုင် ကျေးရွာတို့ကိုလည်း စစ်ကောင်စီတပ်တွေက ဇန်နဝါရီလ ၃၀ ရက်နဲ့ ၃၁ ရက်အတွင်းမှာ စစ်ကြောင်းထိုး မီးရှို့ခဲ့ပါသေးတယ်။ 

“ခင်ဦးမှာ ရွာစဥ်လိုက် ဆက်တိုက် မီးရှို့ခံနေရတယ်။ အင်ကြင်းပင်ရွာ၊ စိုင်ဒိုး၊ သရက်ပင်ဝန်းရွာတွေနဲ့ ဗျိုင်းကြိုင်ကျေးရွာတို့ကို မနေ့က ၃၀ ရက်နေ့စပြီး ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်။ ဒီနေ့မနက်ထိလည်း ဆက်တိုက်မီးလှည့်ရှို့နေတာ၊ ဒေသခံသောင်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်” လို့ စစ်ဘေးရှောင်ကူညီနေတဲ့ ကျေးရွာခေါင်းဆောင်တဦးက မြေလတ်အသံကို ပြောပါတယ်။   

အဲ့ဒီကျေးရွာတွေအနီးမှာ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေ ရှိနေသေးတာကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေတွေကိုတော့ မသိရှိရသေးပါဘူး။ 

ခုလို စစ်တပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့မှုတွေကြောင့် ခင်ဦးနယ်ရှိ ကျေးရွာ ၁၂ ရွာကျော်က သောင်းနဲ့ချီတဲ့ ဒေသခံတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ မီးရှို့ဖျက်ဆီးခံရမှု ၇၀ ရာခိုင်နှုန်းမှာ စစ်ကိုင်းတိုင်းအတွင်းက ဖြစ်ပြီး နေအိမ်၊ အဆောက်အဦး ၂ သောင်း ၇ ထောင်နီးပါး မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ISP Myanmar က ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်မှာ ထုတ်ပြန်ထားပါတယ်။

 #မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10