ပခုက္ကူမြို့နယ်ကို စစ်တပ်ကအင်အားသုံးစစ်ကြောင်းထိုးနေပြီး ဒေသခံ ၃ ဦးလည်း အသတ်ခံထားရ     ■ ဘုတလင်မှာလည်း စစ်တပ်ကတကျော့ပြန်စစ်ကြောင်းထိုးပြီး ဖမ်းဆီးမှုတွေရှိနေ

ပခုက္ကူမြို့နယ်ကို စစ်တပ်ကအင်အားသုံးစစ်ကြောင်းထိုးနေပြီး ဒေသခံ ၃ ဦးလည်း အသတ်ခံထားရ  ■ ဘုတလင်မှာလည်း စစ်တပ်ကတကျော့ပြန်စစ်ကြောင်းထိုးပြီး ဖမ်းဆီးမှုတွေရှိနေ

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီကအင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး ပြည်သူသေဆုံးမှုတွေလည်းရှိနေတယ်လို့ ဒေသခံနဲ့ ကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။ 

အင်အား ၂၇၀ ဝန်းကျင်ပါတဲ့စစ်ကြောင်းက ပခုက္ကူမြို့နဲ့အနီးဆုံး ကျေးရွာတွေဖြစ်တဲ့ ရွှေတန်းသစ်၊ ဆင်မင်းနဲ့ ကွန်းရွာတို့ကို အောက်တိုဘာ ၂၁ ရက်ကနေ အောက်တိုဘာ ၂၉ ရက် ဒီကနေ့ထိ  စစ်ကြောင်းထိုးနေတာပါ။ 

ကွန်းရွာကိုဝင်ရောက်ချိန်မှာလည်း စစ်သားအင်အားအများအပြားပါဝင်ပြီး ရွာအဝင်လမ်းကို ဘူဒိုဇာနဲ့ ဖျက်ဆီးပြီး လမ်းတွေပိတ်တဲ့အပြင် ရွာထဲမှာလည်း ဘန်ကာတွေဆောက်လုပ်နေတယ်လို့ ဆိုပါတယ်။  

ပခုက္ကူမြို့၊ ရွှေတန်းတစ်၊ ဆင်မင်းနဲ့ ကွန်းရွာတို့ဟာ နယ်မြေအစဥ်လိုက်ရှိနေကြတာဖြစ်ပြီး စစ်ကောင်စီတပ်တွေသာ ကွန်းရွာမှာအထိုင်ချလိုက်ရင် ကွန်းရွာနဲ့ ပခုက္ကူမြို့ကြားက ဆင်မင်းနဲ့ ရွှေတန်းတစ်ရွာကလည်း အလိုအလျောက် လမ်းပိတ်သွားမှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ကျေးရွာတွေကနေတဆင့် ပခုက္ကူမြို့ အရှေ့ဘက်ဝင်ပေါက်ကို သွားလာလို့ရတဲ့ တောလမ်းကလည်း ပိတ်ဆို့သွားမှာဖြစ်တယ်လို့ ဒေသခံတဦးက ရှင်းပြပါတယ်။

“ဒီဘက်ကနေသွားရင် ကွန်းရွာကိုအရင်ရောက်မယ်။ မြို့ကနေပြီး မြို့ပြင်ကိုထွက်ရင် ရွှေတန်းတစ် အရင်ရောက်မယ်။ မြစ်ဘေးဘက်ခြမ်း အဲ့ဘက်ရွာတွေကို သွားချင်ရင်တော့ အဲ့ ၃ ရွာအတိုင်း သွားတယ်။ ဒါ တောလမ်းတွေပေါ့နော်။ ကွန်းရွာမှာထိုင်ပြီး လမ်းဖြတ်ထားရင် ကားသမားကတော့ ဘယ်လိုမှ သွားလို့ မရတော့ဘူး။”လို့ ဆိုပါတယ်။ 

အဆိုပါ စစ်ကြောင်းဝင်လာချိန် ဖမ်းမိထားတဲ့ ပြည်သူ ၂၀ ကျော်ရှိပြီး အဲ့ဒီထဲကမှ ပြည်သူ ၃ ဦးကျော်ကတော့ မိုင်းရှင်းခိုင်းတာကို ငြင်းဆန်တဲ့အတွက်ပစ်သတ်ခံရတာလို့ ကနဦးသတင်းတွေ ထွက်ပေါ်နေပေမယ့် သေဆုံးတဲ့အကြောင်းရင်းအတိကျကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“၃ ဦး ၄ ဦးကတော့ သေချာတယ်။ ကျတော်တို့ ရဲဘော်တွေ ကွန်းရွာကို ပြန်ကပ်တဲ့အချိန် ပြည်သူ အလောင်းတွေ တွေ့တယ်ပေါ့၊ ၃လောင်းတွေ့တယ်။ မြှုပ်ဖို့လုပ်တဲ့အချိန်မှာ လက်နက်ကြီးနဲ့ ပစ်လို့ ပြန်ပြီးတော့ ဆုတ်လာခဲ့ရတာ။ အဲ့ဒီ ပြည်သူအလောင်းတွေကို မမြှုပ်ခဲ့ရဘူး။”လို့ ဒေသခံ ကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။

လက်ရှိ ရွှေတန်းတစ်၊ ဆင်မင်း၊ ကွန်းရွာ၊ ဒေါင်းစား၊ နှောကုန်း၊ ကင်မွန်းခါး၊ နတ်ကျွန်း၊ ဘုရားကုန်း၊ ဆိပ်ကမ်းသာယာ၊ မကျီးပင်ပု၊ ထန်းတောစု၊ ကျွန်းအို၊ မယ်တော်လှအပါအဝင် ကျေးရွာ ၁၅ ရွာလောက်က ပြည်သူ ၅,၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေရတယ်လို့ ဆိုပါတယ်။

အလားတူ ဘုတလင်မြို့နယ်မှာလည်း အောက်တိုဘာ ၂၇ ရက်ကစပြီး အင်အား ၁၂၀ ဝန်းကျင်နဲ့ မြို့အရှေ့ခြမ်းနဲ့ အရှေ့မြောက်ခြမ်းက ကျေးရွာတွေဖြစ်တဲ့ မြောက်ကျီ၊ ပဲပြစ်တော(အရှေ့ရွာ)၊ ပဲပြစ်တော(အနောက်ရွာ)၊ နှောရင်း၊ အင်းတဲရွာတို့ကို စစ်ကောင်စီက တကျော့ပြန် စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်းမှာ ဘုတလင်မြို့ပေါ်ကနေစထွက်ချိန် ဖမ်းဆီးလာတဲ့ ပြည်သူတွေရှိပြီး မြောက်ကျီကနေ ပဲပြစ်တော(အနောက်ရွာ)ဘက်ကို ထွက်လာချိန်မှာလည်း ခရီးသည်ကား ၁ စီးပေါ်က အမျိုးသားတွေကို ဖမ်းခေါ်သွားခဲ့ကာ ဖမ်းဆီးခံရသူအရေအတွက်အတိကျကိုတော့ စုံစမ်းဆဲဖြစ်တယ်လို့ အထက်ပါ ကာကွယ်ရေးရဲဘော်က ပြောပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်မှာ ဘုတလင်မြို့နယ်အတွင်းကို စစ်ကောင်စီက အင်အား ၁၀၀ ကျော်နဲ့စစ်ကြောင်းထိုးဝင်ရောက်လာပြီး မြောက်ကျည်၊ တက်လှိုင်း၊ ရွာရှည်၊ စီပါ၊ ကျွဲသေချောင်း၊ ဆည်ဝ၊ အိုင်ပေါင်းချောင်၊ စိုင်ပြင်လေး စတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ဒေသခံ ၂၀ ကျော်ကိုသတ်ဖြတ်ကာ အိမ်ခြေ ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 

အဲ့ဒီနောက် အောက်တိုဘာ ၂၃ ရက်မှာ လွှဲတဲကျေးရွာမှတဆင့် ဘုတလင်မြို့ပေါ်ကို ပြန်သွားခဲ့ပြီး တကျော့ပြန် စစ်ကြောင်းပြန်ထိုးလာခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းထိုးမှုတွေကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ ၃၀,၀၀၀ ကျော်လည်း စစ်ဘေးရှောင်ခဲ့ရတယ်လို့ ဘုတလင်သပိတ်အင်အားစုအဖွဲ့ဆီက သိရပါတယ်။ 

ပုံစာ - စစ်တပ်ကစစ်ကြောင်းထိုးလို့ တိမ်းရှောင်နေရသည့် ပခုက္ကူမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များ။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဘုတလင် #စစ်ကောင်စီ #စစ်ကြောင်းထိုး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10