ပခုက္ကူမြို့မရဲစခန်းက ရဲတပ်သား ၁ ဦး ၂ ကြိမ်မြောက်ထွက်ပြေး အလင်းဝင်လာ

ပခုက္ကူမြို့မရဲစခန်းက ရဲတပ်သား ၁ ဦး ၂ ကြိမ်မြောက်ထွက်ပြေး အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မရဲစခန်းက ရဲတပ်သား ၁ ဦး အောက်တိုဘာ ၉ ရက်မှာ ကျည်ဘောက်နဲ့ကျည်တွေယူပြီး အလင်းဝင်လာခဲ့တယ်လို့ Earthquake People Defence Force ဆီက သိရပါတယ်။ 

အသက် ၃၁ နှစ်အရွယ် ရဲတပ်သားအောင်ဗိုလ်မင်းဟာ Earthquake People Defence Force အဖွဲ့ဝင်တွေကို ကြိုတင်ချိတ်ဆက်ထားပြီး သူကင်းစောင့်ရမယ့်အချိန်မှာ ထွက်ပြေးလာခဲ့တာလို့ ဆိုပါတယ်။ 

“မနေ့က သူကင်းကျတဲ့အချိန်မှာ လက်နက်ကိုတော့ ယူမရဘူး၊ သူကိုင်ထားတဲ့ ကျည်ဘောက်နဲ့ ကျည်တွေယူပြီး ပြေးလာတာ။ သူကချိတ်ဆက်လို့ မြို့မရဲစခန်းအနီးအထိ သွားခေါ်ခဲ့တာ” လို့ Earthquake People Defence Force တာဝန်ခံကိုအရှည်ကြီးက ပြောပါတယ်။

ခုလိုအလင်းဝင်ဖို့ လွန်ခဲ့တဲ့ ၅ လလောက်ကတည်းက ဆက်သွယ်ထားတာဖြစ်ပြီး အလင်းဝင်လာချိန်မှာလည်း သူနဲ့အတူ အူဇီကျည်ဘောက် ၂ ခု၊ 9 mm ကျည် ၁၀၀ တောင့်တို့ကိုယူလာခဲ့ကာ လက်ရှိမှာတော့ ဆုချီးမြှင့်ပြီး စခန်းမှာပဲစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။ 

“ကျနော်တို့ သူ့ကို ထိုက်သင့်သလောက်တော့ ဆုချီးမြှင့်ထားပါတယ်။ သူ့မိသားစုနဲ့ ချိတ်ဆက်ပေးတာလည်းရှိတယ်။ သူ့မိသားစုဆီကို ပို့ဖို့လည်းစီစဉ်နေတာရှိတယ်။ လောလောဆယ်တော့ ကျနော်တို့ဆီမှာ သူအေးအေးဆေးဆေး အနားယူနေပါတယ်။” လို့ တာဝန်ခံကိုအရှည်ကြီးက ဆက်ပြောပါတယ်။ 

 ရဲတပ်သားအောင်ဗိုလ်မင်းဟာ စစ်အာဏာသိမ်းပြီးနောက် မုံရွာမြို့မရဲစခန်းမှာ တာဝန်ကျနေစဥ်ကလည်း ပထမအကြိမ် ထွက်ပြေးအလင်းဝင်ဖို့ကြိုးစားခဲ့ဖူးပြီး အဲ့ဒီအချိန်မှာ ပြန်လည်ဖမ်းဆီးအချုပ်ချခံရပြီးနောက် ပခုက္ကူမြို့မရဲစခန်းကို ပြောင်းရွှေ့ခံထားရသူဖြစ်တယ်လို့ တာဝန်ခံကိုအရှည်ကြီးက ပြောပါတယ်။

ဒါ့အပြင် ရဲတပ်သားအောင်ဗိုလ်မင်းဟာ Earthquake People Defence Force အဖွဲ့ဆီကို ပထမဦးဆုံး အလင်းဝင်လာသူဖြစ်တယ်လို့လည်း သိရပါတယ်။ 

အလားတူ ပခုက္ကူမြို့ပေါ် ရှိ စစ်ကောင်စီဘက်တော်သားတွေအနေနဲ့လည်း စစ်ကောင်စီကို အမြန်စွန့်ခွာပြီး အသက်အသေမခံဘဲ ပြည်သူနဲ့ပူးပေါင်းပါက ဆုကြေးငွေနဲ့အတူ မိသားစုတွေရှိရာကို ပို့ဆောင်ပေးမယ်လို့လည်း Earthquake People Defence Force ကအသိပေးထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ရဲတပ်သား #အလင်းဝင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10