ပခုက္ကူမှာ ကလေးအပါ အမျိုးသမီး ၅ ဦး အသတ်ခံရ

ပခုက္ကူမှာ ကလေးအပါ အမျိုးသမီး ၅ ဦး အသတ်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပေါက်တောကျေးရွာမှာ နေထိုင်တဲ့ ကလေးတဦးအပါအဝင် မိသားစုဝင် အမျိုးသမီး ၅ဦး ဇွန် ၂၀ ရက် ည ၁၂နာရီကျော်မှာ သေနတ်ပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသူမှာ ဒေါ်စန်းစန်းအေး ၄၂နှစ်၊ ဒေါ်ဟန်စန်းနွယ် ၃၉နှစ်၊ မဇာမိုးအောင် ၁၄နှစ်၊ မခင်မာလင်း ၂၈နှစ်၊ မအေးသီတာ၂၅နှစ်တို့ဖြစ်ကြပြီး နေအိမ်ထဲအိပ်နေချိန် အသတ်ခံလိုက်ရတာဖြစ်တယ်လို့ အဲဒီမိသားစုဝင်တွေနဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

အသက် ၁၄ နှစ်အရွယ် မဇာမိုးအောင်မှာ ဒေါ်ဟန်စန်းနွယ်ရဲ့ သမီးဖြစ်ပါတယ်။

ဇွန်လ ၇ရက်မှာ အထက်ပါအသတ်ခံခဲ့ရတဲ့ အမျိုးသမီးတွေရဲ့မောင်လည်းဖြစ်၊ အစ်ကိုလည်းဖြစ်သူ အသက် ၃၂နှစ်အရွယ် ကိုနိုင်လင်းအောင်လည်း အသတ်ခံခဲ့ရပြီး သူ့ရဲ့ရုပ်အလောင်းကို ပေါက်တောကျေးရွာရဲ့ အနောက်ဘက် လယ်ကွင်းထဲမှာ တွေ့ရှိခဲ့ပါတယ်။ ကိုနိုင်လင်းအောင်သေဆုံးမှုဟာ ဒေသကာကွယ်ရေးတပ်တွေရဲ့ လက်ချက်လို့ မိသားစုဝင်တွေက ယူဆခဲ့ကြတာဖြစ်တယ်လို့ ပေါက်တောကျေးရွာခံတွေက ဆိုပါတယ်။ 

ဒါကြောင့် အခုအသတ်ခံလိုက်ရတဲ့ အမျိုးသမီးတွေဟာ ပေါက်တောကျေးရွာအနီးက ကျွန်းချောင်း သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ(EPC)ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ခေါ်ယူကာ ပေါက်တောကျေးရွာအနီးက မြို့စိုးရွာထဲရှိ PDF ခေါင်းဆောင်အိမ်အပါအဝင် အဖွဲ့ဝင်အိမ် ၁၅ လုံးကို လိုက်လံ ပြသပေးခဲ့တယ်လို့ ဆိုပါတယ်။ 

"ဒီညီအစ်မတွေရဲ့မောင်ဖြစ်သူက ကျွန်းပြင်မှာ အသတ်ခံရလို့ဆိုပြီး EPC ထဲ အထိုင်ချထားတဲ့ တပ်နဲ့ပူးပေါင်းပြီး မြို့စိုးရွာထဲက PDFခေါင်းဆောင်အိမ် အပါအဝင် အဖွဲ့ဝင်အိမ် ၁၅ လုံးကို သူတို့ကိုယ်တိုင် လိုက်ပြပေးတာလို့ မျက်မြင်တဦးကပြောထားတယ်" လို့ ပေါက်တောကျေးရွာခံတဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၁၃ ရက် နေ့လယ် ၃နာရီကျော်မှာ လူတွေ မနေထိုင်တော့တဲ့ ပေါက်တောကျေးရွာအနီးမှာရှိတဲ့ မြို့စိုးကျေးရွာက လူနေအိမ် ၁၅လုံးကို EPCစက်ရုံထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ဝင်ရောက် မီးရှို့ဖျက်ဆီးသွားခဲ့ပါသေးတယ်။ 

ဒီအမျိုးသမီး ၅ ဦးကို ဘယ်အဖွဲ့တွေက ပစ်သတ်တယ်ဆိုတာ မသိရသေးသလို ကျေးရွာအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရှိနေသေးတာကြောင့် သေဆုံးမှုနဲ့ပတ်သက်လို့ အသေးစိတ်ကို ဘာမှ မသိရသေးဘူးလို့ ဆိုပါတယ်။ 

သေဆုံးခဲ့သူတွေရဲ့ အလောင်းတွေကိုတော့ ဇွန် ၂၁ ရက် ဒီကနေ့မနက်ပိုင်းမှာ ပေါက်တောကျေးရွာအနီးက ကျွန်းချောင်း သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ (EPC)ထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက စခန်းထဲသယ်ယူပြီး မြေမြုပ်သင်္ဂြိုဟ်ပေးလိုက်တယ်လို့ သိရပါတယ်။

 

( Website တွင် ဖော်ပြထားသည့် ဓာတ်ပုံများ၌ စိတ်မချမ်းမြေ့ဖွယ်ရာ မြင်ကွင်းများပါဝင်နေပါသည်။) 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူမြို့နယ် #ပေါက်တောကျေးရွာ #မြို့စိုးကျေးရွာ #အမျိုးသမီး #အသတ်ခံရ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10