ပခုက္ကူမှာ ကျေးရွာကာကွယ်ရေးစခန်းတခု စီးနင်းခံရပြီး ရဲဘော် ၅ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

ပခုက္ကူမှာ ကျေးရွာကာကွယ်ရေးစခန်းတခု စီးနင်းခံရပြီး ရဲဘော် ၅ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ချမ်းသာကြီးရွာမှာ ကျေးရွာကာကွယ်ရေးစခန်းတခု စီးနင်းခံရပြီး ကာကွယ်ရေးရဲဘော် ၅ ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။

မေ ၂၅ ရက် မနေ့မနက် ၃ နာရီဝန်းကျင်က ပုဂံမြို့ဘက်ကနေထွက်လာတဲ့ စက်လှေ ၅စီးနဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနက် ၅ နာရီကျော်မှာ ချမ်းသာကြီးရွာက ကျေးရွာကာကွယ်ရေးစခန်းကို ဝင်ရောက်စီးနင်းပြီးတဲ့နောက် ရဲဘော် ၆ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

“ သူတို့ဆီမှာက မောင်းပြန်မရှိဘူး၊ တတောင့်ထိုးလေးတွေနဲ့ ရွာကာကွယ်ရေးထိုင်တယ်။ ရွာကာကွယ်ရေးအဖွဲ့ဝင် ၆ ယောက်လုံးကို လက်ပြန်ကြိုးတုပ် ဖမ်းထားတယ်။ ဖမ်းပြီးသွားတော့ သူတို့နေတဲ့နေရာမှာပဲ သတ်ပစ်လိုက်တယ်။ တတောင့်ထိုးတွေ လက်နက်ခဲယမ်းတွေ သိမ်းသွားတယ် ”လို့ မြေပြင်ရဲဘော်တွေနဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ရဲဘော် ၅ဦးကတော့ စခန်းထဲမှာတင်သတ်ဖြတ်ခံလိုက်ရကာ ကျန်ရဲဘော် ၁ ဦးနဲ့ပတ်သက်တဲ့ အသေးစိတ်အခြေအနေတွေ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်နဲ့ လူမှုကွန်ယက်တွေမှာတော့ ပခုက္ကူမြို့နယ်၊ ချမ်းသာကြီးကျေးရွာက PDF စခန်းတခုကို သိမ်းပိုက်ရရှိတယ်လို့ ဓာတ်ပုံတွေနဲ့ဖော်ပြထားပါတယ်။

စစ်တပ်ထောက်ခံတဲ့ လူမှုကွန်ယက်မှာဖော်ပြတဲ့ဓာတ်ပုံတွေဟာ စီးနင်းခံရတဲ့ ကျေးရွာPDF စခန်းကရဲဘော်တွေနဲ့ ၎င်းတို့ကိုင်ဆောင်တဲ့လက်နက်တွေ မှန်ကန်ကြောင်း ပခုက္ကူမြို့နယ် ဒေသခံအဖွဲ့တခုက အတည်ပြုထားပါတယ်။

ပြီးခဲ့တဲ့ မေ ၈ရက်ကလည်း မြိုင်မြို့နယ်၊ ကံသစ်ကျေးရွာနဲ့ ၄ မိုင်အကွာက Black Cobra စခန်းတခုစီးနင်းခံရပြီး ရဲဘော်တွေ လွတ်မြောက်သွားပေမယ့် စခန်းမှာကျန်ခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ ကားတစီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ပုံစာ - စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်တွင် ဖော်ပြထားသည့် ဖမ်းဆီးသတ်ဖြတ်ခံရသည့် ကာကွယ်ရေးရဲဘော်များနှင့် သိမ်းဆည်းခံရသည့် လက်နက်ခဲယမ်းများ။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပခုက္ကူ #ရပ်ကျေးပကဖ #PDFစခန်း #စီးနင်းခံရ #လက်နက်ခဲယမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10