ပခုက္ကူမှာ ခရီးသည်တင်ယာဉ် မိုင်းထိလို့  ၁ ဦးဒဏ်ရာရ

ပခုက္ကူမှာ ခရီးသည်တင်ယာဉ် မိုင်းထိလို့  ၁ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာအနီးမှာ မေလ၂၀ ရက် မနေ့မနက် ၁၀ နာရီခန့်မှာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ယာဉ်ပေါ်ပါခရီးသည် ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်နဲ့ ကံမမြို့ပြေးဆွဲနေတဲ့ ရွှေကြည်မင်းခရီးသည်တင်ယာဉ်ဟာ ပခုက္ကူဘက်ကနေ ကမ္မမြို့ဘက်ကို မောင်းနှင်လာစဉ် ကန်တော်ရွာနဲ့ ကမ္မမြို့အကြားမှာ မိုင်းထိခဲ့တာလို့ ဆိုပါတယ်။

"ကားက ပခုက္ကူမှာခရီးသည်ချပြီး ကံမဘက်ကိုဆက်မောင်းလာတဲ့အချိန် ဂိတ်ဆုံးခါနီးဆိုတော့ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်အပါမှ လူ ၆ ယောက်လောက်ဘဲ ပါလာတယ်။ မိုင်းထိလို့ လူနဲ့ကားထိခိုက်မှုရှိတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ခရီးသည်တင်ကားပေါ်ပါ အသက် ၆၀ ခန့် အမျိုးသမီးတဦး မစိုးရိမ်ရထိခိုက်ဒဏ်ရာရရှိပြီး ကားမှန်တွေလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

မိုင်းထိခဲ့တဲ့ ရွှေကြည်မင်းခရီးသည်တင်ကားဟာ စစ်ကောင်စီတပ်က ချောဆွဲအသုံးပြုနေတဲ့ကားဖြစ်ပြီး စစ်ကောင်စီတပ်သားတွေကိုပို့ဆောင်ပေးနေတယ်လို့ ဒေသခံတွေကပြောဆိုပေမယ့် သီးခြားအတည်ပြုနိုင်တာမျိုးတော့ မရှိပါဘူး။

ထိခိုက်ဒဏ်ရာရသူကိုတော့ ကမ္မမြို့ဆေးရုံကို ဒေသခံတွေက ပို့ဆောင်ပေးခဲ့ပြီး မိုင်းပေါက်ကွဲတဲ့နေရာကို စစ်ကောင်စီဘက်က လာရောက်စစ်ဆေးမှုတွေ ပြုလုပ်သွားတယ်လို့ သိရပါတယ်။

မေလ ၁၂ ရက်နေ့ကလည်း ပခုက္ကူမြို့နယ်၊ ကန်တော်ရွာနဲ့ ညောင်လေးပင်ရွာကြားမှာဘဲ စစ်ကောင်စီယာဥ်တန်းနဲ့ ရိက္ခာကား မိုင်းဆွဲခံရလို့ ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦး ရှိခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ
#မကွေး #ပခုက္ကူ #ခရီးသည်တင်ယာဉ် #မိုင်းဆွဲခံရ #ထိခိုက်မှု #ရွှေကြည်မင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10