သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ရေလာလေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက် ပြီးနောက် အနီးနားရှိ ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုး ရွာမီးရှို့တာတွေလုပ်နေတာကြောင့် ဒေသခံတွေ ထောင်နဲ့ ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ရေလာလေးကျေးရွာကို တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ပြီးတဲ့နောက် အနီးဝန်းကျင်က ရေလာကြီးနဲ့ ဝါးကျွန်းတွင်းကျေးရွာတွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှုတွေ လုပ်နေတာကြောင့် ရေလာကြီး၊ ဝါးကျွန်းတွင်း အပါအဝင် ထန်းတမင်၊ ဖောင်းကြောင်း စတဲ့ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ နေထိုင်ရာကျေးရွာတွေရဲ့ နီးစပ်ရာတွေမှာ တိမ်းရှောင်နေရတာဖြစ်ပြီး စုပေါင်းနေထိုင်ကြတဲ့တချို့နေရာတွမှာ လူဦးရေဟာ ရာဂဏန်းကနေ ထောင်ဂဏန်းအထိရှိတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၆ ရက် ဒီနေ့မှာ စစ်ကောင်စီစစ်ကြောင်းက အဆိုပါကျေးရွာအနီးဝန်းကျင်တဝိုက်ကိုပါ စစ်ကြောင်းထိုးနေတာကြောင့် စစ်ရှောင်ပြည်သူတွေဟာ နောက်ထပ်ဘေးလွတ်ရာကို ထပ်မံရွှေ့ပြောင်း ထွက်ပြေးကြရတယ်လို့ အညာမြေအရပ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ ၁၁ ရက်နေ့ကတည်းက ထွက်ပြေးလာရတာ စားနပ်ရိက္ခာအခက်အခဲလေးတွေတော့ ရှိတာပေါ့။ အလှူရှင်တွေနဲ့ အဲ့တိုက်နယ်က စစ်ရှောင်ကော်မတီကနေ စီစဉ်ပေးနေတာ ၁ ရက်ကို ၇ တင်းလောက် ချက်နေရတယ်။ တနေရာတည်းနဲ့ လူဦးရေက ၆၀၀ ကျော်ရှိပါတယ်။” လို့ သူက ဆိုပါတယ်။
စစ်ဘေးရှောင်တွေဟာ တစုတစည်းတည်းမရှိဘဲ နီးစပ်ရာတွေမှာ ပြန့်ကျဲတိမ်းရှောင်နေရတာကြောင့် လူဦးရေ အရေအတွက်ကို သိရဖို့ ခက်ခဲတယ်လို့ အဲဒီစစ်ရှောင်တွေကို ကူညီထောက်ပံ့ပေးခဲ့တဲ့ နောက်ထပ် ကူညီရေးအဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။
“ရောက်ခဲ့တဲ့နေရာမှာတော့ လူဦးရေ ၁,၀၀၀ စာလှူတန်းပေးခဲ့ပါတယ်။ နေရာတွေ ပြန့်ကျဲနေတော့ လူဦးရေအတိအကျကိုတော့ မသိခဲ့ရပါဘူး။” လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း စစ်ကောင်စီစစ်ကြောင်းဟာ လဲအိုရင်းကျေးရွာကိုဝင်ပြီး နေအိမ်တွေ မီးရှို့ကာ အသက် ၃၁ နှစ်အရွယ် အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ပြီး အဲဒီအမျိုးသမီးရဲ့ ယောကျ်ားကို ဖမ်းဆီးနှိပ်စက်ခဲ့ပါသေးတယ်။
လက်ရှိမှာ မီးရှို့ခံထားရတဲ့ ရေလာကြီး၊ ဝါးကျွန်းတွင်းတွေမှာ စစ်ကောင်စီရဲ့ နောက်ချန်အင်အားတွေရှိနေ သေးတာကြောင့် ရွာသူရွာသားတွေဟာ ကျေးရွာထဲ မဝင်နိုင်သေးဘူးလို့ သိရပါတယ်။
ထန်းတပင်ရွာဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ ပြည်သူတချို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်သွားတာရှိတယ်လို့ သိရပါတယ်။
“ဖမ်းခံရတဲ့ဦးရေကိုတော့ အတိအကျ မသိရသေးဘူး။” လို့ အညာမြေအရပ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှိသူတဦးက ဆိုပါတယ်။
စစ်ရှောင်နေရတဲ့ကျေးရွာ ၁၂ ရွာရှိပြီး စစ်ရှောင်ဦးရေဟာ ၄,၀၀၀ ကျော်ရှိကာ အဲဒီအထဲက လေးပုံ၊ သုံးပုံလောက်ဟာ ကလေးနဲ့အမျိုးသမီးတွေဖြစ်တယ်လို့ သိရပါတယ်။
စစ်ရှောင်တွေ များပြားလာတဲ့အတွက် စားနပ်ရိက္ခာနဲ့ ခြုံစောင်တွေ လိုအပ်နေတယ်လို့ အညာမြေအရပ်ဘက် အဖွဲ့အစည်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
သတင်း - ဟယ်သာ၊ စာတည်း - JCG
#မြေလတ်အသံ
#မကွေးတိုင်း #ပခုက္ကူ #ရေလာလေးရွာ #စစ်ကောင်စီ #စစ်ကြောင်းထိုး
Share Share Share