ပခုက္ကူမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအပါ ၂ ဦး အသတ်ခံရပြီး ဆိုင်ထိုင်နေတဲ့ သားအဖ ၂ ဦးဖမ်းဆီးခံရ

ပခုက္ကူမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအပါ ၂ ဦး အသတ်ခံရပြီး ဆိုင်ထိုင်နေတဲ့ သားအဖ ၂ ဦးဖမ်းဆီးခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအပါ အမျိုးသား ၂ ဦး မတ်လ၂၁ ရက် ညနေ ၄ နာရီကျော်က သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပစ်သတ်ခံရသူတွေဟာ အသက် ၄၆ နှစ်အရွယ် မြစ်ခြေ၊ အမှတ် ၁ ရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် နိုင်လင်းအောင်နဲ့ ကမ္ဘာအေးရပ်ကွက်နေ အသက် ၅၁ နှစ်အရွယ် ဝေဖြိုးအောင်ခရီးသည်တင်ယာဥ်လိုင်းဂိတ်မှူး ဦးယုဟန် တို့ဖြစ်ပြီး၊ သူတို့ ၂ ဦးဟာ နိုင်လင်းအောင်ရဲ့နေအိမ်မှာ ရှိနေချိန် သေနတ်ကိုင်ဆောင်ထားသူ အမျိုးသား ၄ ဦးက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ အမည်မဖော်လိုတဲ့ မြို့ခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။


"နိုင်လင်းအောင်က အုပ်ကြီးတာဝန်လည်း ယူထားတယ်။ ပြီးတော့ မြစ်ခြေမြို့ရဲ့ပျူစောထီးခေါင်းဆောင် ဖြစ်တယ်။ သူက ရင်ဘတ်မှာ သေနတ်ဒဏ်ရာ ၃ ချက်ရပြီးတော့ နေအိမ်ထဲမှာတင် ပွဲချင်းပြီး သေတယ်။ ပြီးတော့ သူ့အိမ်ကိုရောက်နေတဲ့ ကားဂိတ်မှူးမှာလည်း ရင်ဘတ်နဲ့လက်မှာ ဒဏ်ရာနဲ့ ပွဲချင်းပြီးသေတယ်" လို့ ပြောပါတယ်။

ပစ်ခတ်မှုနဲ့ပတ်သက်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်က တစုံတရာသတင်းထုတ်ပြန်တာမျိုး မရှိသေးသလို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီအုပ်ချုပ်ရေးမှူးနဲ့ ကားဂိတ်မှူးတို့ ပစ်သတ်ခံရပြီးတဲ့နောက် မတ်လ ၂၂ ရက် မနေ့ကမနက် ၈ နာရီကျော်မှာ အိုင်ရှည်ရပ်ကွက်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ဦးဝင်းမြင့် ၅၂ နှစ်နဲ့ သားဖြစ်သူ ကိုကျော်မိုး ၂၃ နှစ်တို့ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

"အဲဒီသားဖကို ဖမ်းပြီးတော့ မြစ်ခြေရဲစခန်းကို ဖမ်းခေါ်သွားတယ်။ ဘာဖြစ်လို့ဖမ်းတာလည်းတော့ မသိရဘူး။ အုပ်ကြီးနဲ့ဂိတ်မှူးပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး ဖမ်းတာလို့ ထင်တယ်" လို့ သူကဆက်ပြောပါတယ်။

မတ်လ ၈ ရက်နေ့ကလည်း ပခုက္ကူ၊ ကျွန်းအိုကျေးရွာ ပျူစောထီးခေါင်းဆောင်ဆိုသူကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့ပြီး ကျည်ဆံ၊ လက်ပစ်ဗုံးတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10