ပခုက္ကူမှာ ဘန်ကာပြင်နေတဲ့ စစ်သားတွေကို ဒရုန်းနဲ့တိုက်ခိုက်၊ ၁ ဦးသေ ၃ ဦးထက်မနည်းဒဏ်ရာရ

ပခုက္ကူမှာ ဘန်ကာပြင်နေတဲ့ စစ်သားတွေကို ဒရုန်းနဲ့တိုက်ခိုက်၊ ၁ ဦးသေ ၃ ဦးထက်မနည်းဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူမြို့အဝင် တက္ကသိုလ်ကျောင်းနား မီးရထားသံလမ်းဂိတ်မှာ ဘန်ကာပြင်နေတဲ့ ခလရ ၂၅၂ က စစ်သားတွေကို မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့ဆီက သိရပါတယ်။

အင်အား ၃၀ လောက်နဲ့ ဘန်ကာပြင်နေတဲ့နေရာကို ဇန်နဝါရီ ၁၉ ရက် မနက် ၁၀ နာရီခွဲလောက်မှာ မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၉ ရက် မနက် ၁၀ နာရီခွဲအချိန် ပခုက္ကူတပ်မ ၁၀၁ လက်အောက်ခံ၊ ခလရ ၂၅၂ စစ်သားအင်အား ၃၀ လောက်နဲ့ ပခုက္ကူမြို့အဝင် တက္ကသိုလ်ကျောင်းနား မီးရထားသံလမ်းဂိတ်မှာ ဘန်ကာပြင်နေတဲ့အချိန် ၁ မိုင်ခွဲအကွာကနေ မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးသီး ၂ လုံးချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

ကြဲချခဲ့တဲ့ဗုံးသီးဟာ ဘန်ကာအတွင်းထဲကို ကျခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာတွေရှိခဲ့ပါတယ်။ 

“(စစ်ကောင်စီဘက်က) ၁ ကောင်သေတယ်။ ၃ ဦးထက်မနည်းထိခိုက်ဒဏ်ရာရတယ်။ ထောက်ပို့တွေ ပြည်သူတွေပြောပြချက်အရ သိရတာပါ။ အဲ့ဒီဂိတ်ကို နာရေးကား ၁ စီးရောက်လာတယ်။ နာရေးကားနဲ့ သေဆုံးတဲ့အလောင်းနဲ့ ဒဏ်ရာရသူတွေကို ပခုက္ကူမြို့ထဲ ပြန်သယ်သွားတယ်” လို့ Burma Revolution Rangers တာဝန်ခံ ကိုကာတွန်းက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Burma Revolution Rangers ၊ ပခုက္ကူမြို့နယ် PPDF နှင့် မြိုင်မြို့နယ် ပကဖ တပ်ရင်း ၁ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်ကလည်း မကွေးတိုင်း ပခုက္ကူမြို့တွင် ပြုလုပ်တဲ့တပ်ထောက်ခံပွဲကို ရှုတ်ချတဲ့အနေနဲ့ Burma Revolution Rangers အဖွဲ့က ပခုက္ကူအနီးရှိ အင်ပင်ကျေးရွာမှာ တပ်စွဲထားတဲ့ဂိတ်၊ ကိုးပင် အထည်ချုပ်စက်ရုံမှာ တပ်စွဲထားတဲ့ဂိတ်၊ မြိုင်ဘက်မှ ပခုက္ကူမြို့ အဝင်ရထားသံလမ်းဆုံမှာ တပ်စွဲထားတဲ့ဂိတ်၊ တပ်မ ၁၀၁ အပေါက်ဝဂိတ်တို့ကို မောင်းသူမဲ့လေယာဥ်နဲ့ ဒုန်းဗုံးချတိုက်ခိုက်ခဲ့ပြီး ၂၅၂ ခလရ တပ်ကိုတော့ ရှော့တိုက်ဒုန်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူမြို့ #တက္ကသိုလ် #မီးရထားသံလမ်း #ဘန်ကာ #ခလရ၂၅၂ #စစ်သား 

#မောင်းသူမဲ့လေယာဉ် #ဗုံးသီး #BurmaRevolutionRangers #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10