ပခုက္ကူမှာ ရွှေဆိုင်ဓါးပြတိုက်ခိုက်ရပြီး ကျပ်သိန်း ၂၀ ဖိုးခန့်ပါသွား

ပခုက္ကူမှာ ရွှေဆိုင်ဓါးပြတိုက်ခိုက်ရပြီး ကျပ်သိန်း ၂၀ ဖိုးခန့်ပါသွား

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့က နန်းမြတ်တော်ဝင် စိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၂၀ ခန့်တန်ဖိုးရှိ ရွှေထည်နဲ့ဖုန်းတွေကို ယူဆောင်သွားတာခံခဲ့ရတယ်လို့ သိရပါတယ်။

ယမန်နေ့ မတ်လ ၁၄ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်မှာ အဲ့ဒီ စိန်ရွှေရတနာနဲ့ရွှေပန်းတိမ်ဆိုင်ကို သေနတ်နဲ့ဓားကိုင်ထားသူ ၄ ဦးခန့်က ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်နဲ့ ခြိမ်းခြောက် ဓားပြတိုက်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ဓားပြတိုက်ခံရတာက ဟုတ်ပါတယ်။ အများကြီး ပါသွားတာတော့ မဟုတ်ဘူး။ ကျန်တာက မိသားစုဝင်တွေလည်း စိုးရိမ်နေကြတယ်။ ဖမ်းခေါ်သွားခံရတဲ့ အလုပ်သမား ၁ ယောက်လည်း ပြန်ရောက်လာပြီလို့ သိရတယ်။ လမ်းမှာပဲ ပြန်လွှတ်ပေးလိုက်တာ" လို့ ပြောပါတယ်။

ရွှေဆိုင်ကနေ လက်စွပ် ၃ ကွင်း၊ လက်ကောက် ၁ ကွင်း၊ ဖုန်း ၁ လုံးတို့ကို ယူဆောင်သွားခဲ့တာဖြစ်လို့ သိရပါတယ်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက်မှာတော့ စစ်ကောင်စီဘက်က မြို့တွင်းလမ်းတွေကို ပိတ်ဆို့စစ်ဆေးခဲ့သလို မြို့အဝင်အထွက်နေရာတွေကိုပါ ပိတ်ဆို့ စစ်ဆေးတာလုပ်ခဲ့ပေမယ့် ဖမ်းဆီးရမိတာ မရှိဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း ပခုက္ကူမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ရန်အောင်လမ်းနေ ဦးအောင်မိုးဝင်း နေအိမ် ဓားပြတိုက်ခံရပြီး ဦးအောင်မိုးဝင်းကို ဖမ်းဆီးသွားတဲ့အပြင် ငွေကျပ် သိန်း ၅၀ ကျော်နဲ့ ဖုန်းတွေကိုပါ ယူဆောင်သွားတယ်လို့ သိရပါတယ်။


#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10