ပခုက္ကူမှာ သေနတ်ကိုင်ပျူအမျိုးသမီးတွေက ဒေသခံတွေရဲ့ပစ္စည်းတွေကို ခိုးယူနေ

ပခုက္ကူမှာ သေနတ်ကိုင်ပျူအမျိုးသမီးတွေက ဒေသခံတွေရဲ့ပစ္စည်းတွေကို ခိုးယူနေ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆယ်လံနဲ့ အိုင်ကြီးကျေးရွာက ဒေသခံပြည်သူတွေရဲ့ပစ္စည်းတွေကို သေနတ်ကိုင်ဆောင်ထားတဲ့ ပျူစောထီးအမျိုးသမီးတွေက ခိုးယူနေကြတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

အင်အား ၃၀ ကျော်ပါတဲ့ ပျူအမျိုးသမီးတွေဟာ ဒေသခံပြည်သူတွေရဲ့ ပစ္စည်းတွေကို သုံးဘီးနဲ့ ထော်လာဂျီတွေအသုံးပြုကာ ဇွန်လ၁၆ ရက်က စတင်ကာ ၁၉ ရက်ဒီနေ့အထိ ခိုးယူနေကြတာ ဖြစ်တယ်လို့ မျက်မြင်အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

"ဆယ်လံဘုန်းတော်ကြီးကျောင်းက မီးစက်အတွဲလိုက် ၁၅ ကီလို ၃၃ ကောင် စက်ကြီးကိုလည်း တင်သွားတယ်။ ဆယ်လံရွာက ရွာပိုင် ရေတွင်းမှာတပ်ဆင်ထားတဲ့ ရေတင်ဆိုလာပြားတွေ၊ အိမ်တွေထဲက ထိုင်ခုံတွေ၊ အဝတ်တွေ၊ အိုးခွက်ပန်းကန်တွေ၊ အသုံးပြုလို့ရတဲ့ပစ္စည်း ဟူသမျှကို ခိုးယူနေတာ။ တော်တော်ရင်နာဖို့ကောင်းတယ်"လို့ သူက ပြောပါတယ်။

ဇွန်လ ၁၈ ရက် နေ့လယ် ၁၂ နာရီကျော်မှာလည်း ပျူအမျိုးသမီးတွေက အိုင်ကြီးကျေးရွာရဲ့ ရွာဆိုင်းဘုတ် အနီးမှာရှိတဲ့ တွင်ခုံထဲက ရေနံတွင်းမှာ အသုံးပြုတဲ့ ကလပ်ခုံအပါအဝင် ပစ္စည်းတော်တော်များများကို ထော်လာဂျီပေါ် တင်ယူနေတာကို ဒေသခံတဦးက မယူဖို့​ပြောတော့ ပျူတွေက သေနတ်ထုတ်ပြပြီး ကိုယ့်နေရာကိုယ်နေကြ ဝင်မရှုပ်နဲ့ဆိုပြီး ခြိမ်း‌ခြောက်ပြောဆိုခဲ့တယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

ဆယ်လံနဲ့ အိုင်ကြီးကျေးရွာတွေက ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်က (BPI) ဆေးဝါးထုတ်လုပ်ရေးနဲ့ မြင်းမွေးမြူရေးတပ် တိုက်ခိုက်ခံရပြီးနောက် ပုဂံ၊ ညောင်ဦးဘက်ကို ထွက်ပြေးခိုလှုံနေကြရတာဟာ ဇွန်လ ၁၉ ရက် ဒီနေ့အထိ ဖြစ်ပါတယ်။

အခုလို ဒေသခံပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူနေကြတဲ့ ပျူစောထီးအဖွဲ့ဝင် အမျိုးသမီးတွေဟာ မြစ်ခြေဘက်က အောင်သာရွာ၊ ဇီးကုန်းရွာကဖြစ်ကြပြီး သူတို့ကို (ပျူ)စစ်ကောင်စီတပ်က လက်နက်တွေ တပ်ဆင်ပေးထားတာကြောင့် အခုလို ခိုးယူနေကြတာ ဖြစ်တယ်လို့ဒေသခံတွေက ပြောကြပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူ #သေနတ်ကိုင် #ပျူစောထီး #အမျိုးသမီး #ခိုးဆိုးလုယက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10