ပခုက္ကူမှာ အိမ် ၁ အိမ် ဓားပြတိုက်ခံရပြီး သိန်း ၁၀၀ကျော်၊ ဆိုင်ကယ် ၂ စီးနဲ့ ရွှေထည်တွေပါသွား

ပခုက္ကူမှာ အိမ် ၁ အိမ် ဓားပြတိုက်ခံရပြီး သိန်း ၁၀၀ကျော်၊ ဆိုင်ကယ် ၂ စီးနဲ့ ရွှေထည်တွေပါသွား

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်က အဟောင်းပစ္စည်းရောင်းဝယ်ရေးဆိုင်တဆိုင်ရဲ့ပိုင်ရှင်အိမ်ကို ဇွန်လ ၂၆ ရက် နေ့လယ် ၂ နာရီကျော်မှာ သေနတ်ကိုင်အမျိုးသား ၇ ဦးက ဓားပြတိုက်သွားခဲ့တယ်လို့ မြို့ခံတွေဆီ ကသိရပါတယ်။

အမှတ် ၃ ရပ်ကွက်၊ သီရိရတနာလမ်းမှာရှိတဲ့ ပုလင်းခွံနဲ့အခြားပစ္စည်းအဟောင်း အဝယ်ဒိုင်ပိုင်ရှင် ဒေါ်သန်းနုအိမ်ကို သေနတ်အရှည် ၄ လက်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၇ဦးက ဓားပြတိုက်သွားတာကြောင့် ငွေကျပ်သိန်း ၁၀၀ကျော်၊ ရွှေနားကပ်တရံနဲ့ ဆိုင်ကယ် ၂စီး ပါသွားတယ်လို့ ဆိုပါတယ်။

"ကိုင်ထားတဲ့ သေနတ်တွေကအရှည်တွေချည်း ၄လက်ပါတယ်။ Maskလည်း မတပ်ဘူး။ မြို့ပေါ်မှာ ဒီလိုအရှည် တွေကိုင်လို့ရတာကတော့ ပျူစောထီးတွေပဲ ကိုင်ဝံ့ကြတာ။ PDFတွေက မြို့ပေါ်မှာ ဒီလိုအရှည်တွေ ကိုင်ဖို့ဆိုတာခက်ခဲတယ်ဗျ" လို့ ပခုက္ကူမြို့ခံအမျိုးသားတဦးက ပြောပါတယ်။

မြို့ပေါ်မှာ သေနတ်အရှည်တွေကိုင်ပြီး အခုလို နေ့ခင်းကြောင်တောင် ဓားပြတိုက်ရဲတာက စစ်ကောင်စီနဲ့ ပက်သက်ဆက်နွယ်တဲ့ သူတွေသာဖြစ်နိုင်သလို စစ်ကောင်စီက မြို့ဝင်မြို့ထွက်ကို စစ်ဆေးမှုတွေ တင်းကျပ်ထား တဲ့ကြားက ဖြစ်သွားတာလို့ နောက်ထပ် မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

ဓားပြတိုက်ခံရတဲ့ ဒေါ်သန်းနုတို့ မိသားစုကတော့ တဦးတယောက်မှ ထိခိုက်ဒဏ်ရာရတာမရှိခဲ့သလို သေနတ်ကိုင်အမျိုးသား ၇ဦး က သူတို့လိုချင်တဲ့ ပစ္စည်းတွေကို ယူဆောင်ကာ နေအိမ်ထဲက ထွက်သွားပြီး ခဏအကြာမှာ စစ်ကောင်စီတပ်သားနဲ့ ရဲတွေ ရောက်ရှိလာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့သတင်းဌာနတွေကတော့ ဒေါ်သန်းနုရဲ့ အိပ်ခန်းအတွင်းရှိ မီးခံသေတ္တာမှာ ထည့်ထားတဲ့ ငွေကျပ် သိန်း ၆၀၊ ဗီရိုထဲရှိ ငွေကျပ် သိန်း ၄၀ ခန့်၊ ဖုန်း ၂ လုံးနဲ့ နားကပ် ၁ ရံ တို့ကို PDFအဖွဲ့ ဝင်တွေက ဓားပြတိုက်ယူဆောင်သွားတယ်လို့ ဝါဒဖြန့်ရေးသားထားပါတယ်။

 

စာတည်း-လင်းဇေ

 

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူမြို့ #ဓားပြတိုက် #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10