ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်းတွေနဲ့ လက်နက် ၄၀၀ ကျော်ရရှိ

ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်းတွေနဲ့ လက်နက် ၄၀၀ ကျော်ရရှိ

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို အောက်တိုဘာ ၈ ရက်မနက်ပိုင်းမှာ ကာကွယ်ရေးတပ်တွေဘက်က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းတွေနဲ့ လက်နက် ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက အောက်တိုဘာ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 စစ်ကောင်စီရဲ့ နောက်ဆုံးစခန်းတွေဖြစ်တဲ့ ရဲစခန်းနဲ့ အာရှဘဏ်ကုန်းက စစ်ကောင်စီတပ်သားတွေဟာ လက်နက်ချကာ ဝန်းသိုဘက်ကိုဆုတ်ခွာခွင့်ပေးဖို့ အောက်တိုဘာ ၇ ရက်ညပိုင်းမှာ ပြောဆိုလာခဲ့ပြီးနောက် မြို့ကိုအလုံးစုံရခဲ့တာလို့ ဆိုပါတယ်။

“မြို့ကတော့ အလုံးစုံ သိမ်းလိုက်နိုင်တယ်၊ တိုက်ပွဲဖြစ်ချိန်ကနေ ဒီနေ့ထိ (အောက်တိုဘာ ၉) လေကြောင်းက ဆက်တိုက်လာကြဲနေဆဲပဲ၊ စစ်ကူပို့တာ စကစ ၆၀၀ လောက်ရှိမယ်၊ ကြာလာတော့ ရဲစခန်းနဲ့ အာရှကုန်းက စကစတွေ မနေနိုင်တော့ဘူး၊ စစ်ကူပို့တာတွေ မြို့ထဲမ၀င်နိုင်ဘူး၊ နောက်ဆုံး ကျန်တဲ့ ရဲစခန်းနဲ့ ကုန်းက သူတို့ကို တပ်ဆုတ်ခွင့်ပေးပါလို့ လာညှိတယ်။”တို့ မြေပြင်ရဲဘော်တဦးက ပြောပါတယ်။

ပင်လည်ဘူးမြို့မှာ စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၀၁၊ ခမရ ၁၀၁၊ ခမရ ၁၁၁ နဲ့ SNA၊ ရဲတပ်ဖွဲ့တို့ အထိုင်ချထားပြီး လေကြောင်းကနေလည်း ခမရ ၃၆၃၊ ခမရ ၁၆၊ ခမရ ၃၆၈၊ ခမရ ၈၇ စတဲ့ တပ်ရင်းတွေကို စစ်ကူပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကူ စစ်ကြောင်းတွေထဲက အရာရှိ ၃ ဦးအပါအဝင် တပ်သား ၈၀ ကျော်ဟာ စက်တင်ဘာ ၄ ရက်ညပိုင်းမှာ လက်နက်တွေနဲ့အတူ အလင်းဝင်လာခဲ့သလို တိုက်ပွဲအတွင်း အလင်းဝင်လာတဲ့ တပ်သားတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“တပ်ကူလာပြီး တိုက်ပွဲမှာကျတဲ့ဟာတွေ၊ နောက်ထွက်ပြေးတဲ့ဟာတွေ၊ မိတဲ့ဟာတွေ၊ အဲ့ဒါတွေက ပေါ်တာဆွဲတာတွေထဲက ပါတယ်၊ ၁၄ နှစ် ၁၅ နှစ်တွေကအစ ပါတယ်၊ အဲ့လို ကလေးလေးတွေလည်း မိတယ်၊ တချို့ဆို လက်နက်တွေ ဖွက်ခဲ့ပြီးမှ ထွက်ပြေးတာတွေလည်း နေ့တိုင်းနီးပါးဖမ်းမိတယ်။" လို့ မြေပြင်ရဲဘော်တဦးက ပြောပါတယ်။

ပင်လည်ဘူးမြို့ကို လက်မလွှတ်ရရေးအတွက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၃၀ ကျော်နဲ့ ဗုံးအလုံးရေ ၃၀၀၀ ကျော်ကြဲချကာ ဆက်တိုက်ခုခံခဲ့ပေမယ့် မြို့သိမ်းတိုက်ပွဲစတင်ပြီး ၅၃ ရက်အကြာမှာ မြို့ကိုလက်လွှတ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပင်လည်ဘူးတိုက်ပွဲအတွင်း ၂ ဖက် ထိခိုက်သေဆုံးမှုတွေလည်းရှိထားပြီး သေဆုံးမှုအရေအတွက်နဲ့ ဖမ်းမိခဲ့တဲ့ သုံ့ပန်းအရေအတွက်ကိုတော့ သီးခြားထုတ်ပြန်လာတာမရှိသေးပါဘူး။  

အဆိုပါ မြို့သိမ်းတိုက်ပွဲကို PDF တပ်ရင်းတွေ၊ အထူးတပ်ရင်းတွေ၊ ဗျူဟာတပ်ရင်းတွေ၊ ကွန်မန်ဒို တပ်ရင်းတွေ၊ ဒရုန်းတပ်ဖွဲ့တွေ၊ ကန့်ဘလူခရိုင်-ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့တွေ၊ ရွှေဘိုခရိုင် ပကဖ ဒရုန်းတပ်ဖွဲ့နဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့၊ ကောလင်းခရိုင်-ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးက ပကဖ ရဲဘော်တွေ၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ KIA တပ်ဖွဲ့တွေ ပူးပေါင်းဖော်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။

ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာ ၅ ကြိမ်ခန့် ရှိပြီဖြစ်ပြီး အခုတိုက်ပွဲက မြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

စာတည်း - လင်း 

 

#မြေလတ်အသံ

#စစ်ကိုင်း #ပင်လည်ဘူး #မြို့သိမ်းတိုက်ပွဲ #လက်နက်ရရှိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10