ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ တော်လှန်ရေးရဲဘော်တွေကို မြို့နယ်ပအဖ ဂုဏ်ပြုကြိုဆို

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ တော်လှန်ရေးရဲဘော်တွေကို မြို့နယ်ပအဖ ဂုဏ်ပြုကြိုဆို

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကနေပြန်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။

မြို့သိမ်းတိုက်ပွဲအပြီး မိခင်တပ်ရင်းအသီးသီးကို ပြန်ကြတဲ့ ရဲဘော် ၃၅ ယောက်ကို ဂုဏ်ပြုမှတ်တမ်းနဲ့ ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ပေးပြီး စားသောက်ဖွယ်ရာတွေ၊ ဖျော်ဖြေရေးအစီအစဥ်တွေနဲ့ ဧည့်ခံကြိုဆိုခဲ့တယ်လို့ ဆိုပါတယ်။

"ခုလိုအောင်ပွဲရလို့ ဂုဏ်ပြုတဲ့အတွက် ပီတိဖြစ်ရတယ်။ တိုက်ခိုက်ရေး ရဲဘော်တွေကို ပြည်သူက ထောက်ခံနေတယ်။ ပြည်သူတင်မြှောက်တဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကလည်း ကြိုဆိုဂုဏ်ပြုတဲ့အတွက် အားဖြစ်ရတယ်။ အဲဒီအားတွေနဲ့ တော်လှန်ရေးခရီးကို ဆက်လက်လျှောက်လှမ်းမယ်။ စစ်အာဏာရှင်ကို အပြီးတိုက်ထုတ်မယ်။” လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁ ရဲ့ ရဲဘော်တဦးက ပြောပါတယ်။

ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲကို ဒေသအစုံက ခရိုင်တပ်ရင်းတွေ၊ ဗျူဟာအလိုက်စုဖွဲ့ထား‌တဲ့ တပ်ရင်းတွေ ပါဝင်ခဲ့ကြပြီး ယင်းမာပင်မြို့နယ်မှာလည်း ယင်းမာပင်ခရိုင် တပ်ရင်း ၁ နဲ့ ဗိုလ်သံမဏိ တပ်မဟာက ရဲဘော်တွေ ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁ မှာတော့ ကျဆုံးရဲဘော်မရှိပေမယ့် ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးကို ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ် ၁၅ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၈ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးဟာ ပြင်းထန်တဲ့ တိုက်ပွဲတခုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က မူလရှိနေတဲ့ အင်အားအပြင် Mi 17 နဲ့ ၂၁ ကြိမ် စစ်ကူပို့ဆောင်ခဲ့ရာ ခလရ ၅၀၊ ၈၇၊ ၃၀၁၊ ၃၀၅၊ ခမရ ၁၆၊ ၁၀၁၊ ၁၁၁၊ ၃၆၃၊ ၃၆၈၊ ၇၀၄၊ ရဲနဲ့ SNA တပ်မဟာ ၆၁၄ ပူးပေါင်းအင်အား ၇၇၂  ဦးထိ ရှိခဲ့ပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇၀ ဦးခန့် သေဆုံးပြီး ၂၇၅ ဦး ပျောက်ဆုံးကာ ၂၂၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ဒါ့အပြင် လက်နက်ချခဲ့သူ ၄၈ ဦးရှိပြီး စစ်သုံ့ပန်း ၁၀၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။ 

သတင်း - သိုက်ထွန်း ၊ စာတည်း - ချယ်ရီ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့ #ပင်လည်ဘူး #ပအဖ #ကြိုဆိုပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10