ပဇီကြီးစစ်ရှောင်တွေ ဆေးဝါးအကူညီလိုအပ်နေပြီး စစ်ကြောင်းကိုရှောင်ရင်း မြွေကိုက်ခံရလို့ ၁ ဦးသေဆုံး

ပဇီကြီးစစ်ရှောင်တွေ ဆေးဝါးအကူညီလိုအပ်နေပြီး စစ်ကြောင်းကိုရှောင်ရင်း မြွေကိုက်ခံရလို့ ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအုပ်စုက စစ်ဘေးရှောင်ပြည်သူတွေ ဆေးဝါးအကူညီတွေလိုအပ်နေပြီး မြွေကိုက်ခံရတဲ့စစ်ဘေးရှောင်တဦးလည်း ကုစရာဆေးမရှိလို့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပဇီကြီးရွာသားတွေအနေနဲ့ ရွာကနေ ထွက်ပြေးတိမ်းရှောင်နေရတာ ဧပြီလ ၂၅ ရက်ဒီကနေ့နဲ့ဆိုရင် ၇ ရက်မြောက်ရှိပြီလည်း ဖြစ်ပါတယ်။


ဧပြီလ ၂၂ ရက်နေ့ ည ၈ နာရီခန့်က စစ်ဘေးရှောင်နေရင်း မြွေပွေးကိုက်ခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းကပိတ်ဆို့ထားတဲ့အတွက် ဆေးကုသခွင့်မရလိုက်ဘဲ နောက်တရက် ဧပြီလ ၂၃ ရက်နေ့ နေ့လည် ၁၁ နာရီမှာ အဆိုပါ ပိုးထိဒဏ်ရာနဲ့ပဲတောထဲမှာ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့စစ်ရှောင်နေတဲ့ဘက်ကို စစ်ကြောင်းထိုးမယ်သတင်းရလို့ တခြားနေရာကို ရှောင်မလို့ ဆင်းကြည့်ရာကနေဖြစ်တာ။ ကိုက်ခံရတဲ့ညပိုင်းက ဗမာဆေးမြစ်ကလေးတွေနဲ့တော့ ခြေထောက်ကိုစည်းပြီး ကုလိုက်သေးတယ်။ ကျနော်တို့နေရာက ရွာနဲ့ဝေးတော့ ဆရာဝန်၊ ဆရာမနဲ့ကလည်းမနီးဘူးဗျ၊ အဲ့ဒီရက်ကလည်းစစ်ကြောင်းကကပ်နေတော့ဘယ်မှသွားလို့မရဘူး”လို့ ထန်းတောရွာသားတဦးက မြေလတ်အသံကို ပြောပါတယ်။

မြွေကိုက်ခံရပြီးသေဆုံသွားသူဟာ ထန်းတောရွာက အသက် ၅၆ နှစ်အရွယ် ဦးကျော်ညွှန့်ဆိုသူ စစ်ဘေးရှောင်ဖြစ်ပြီး၊ ပဇီကြီးအုပ်စုထဲက စစ်ဘေးရှောင်တွေမှာလည်း ရာသီဥတုဒဏ်ကြောင့် ဖျားနာနေတဲ့ ကလေးနဲ့သက်ကြီးရွယ်အို ၁၀ ဦးထက်မနည်း ရှိနေတယ်လို့ သိရပါတယ်။

“တချို့ကျလည်း ပြေးရင်းလွှားရင်း ကျန်းမာရေးတွေဖောက်၊ သက်ကြီးရွယ်အိုတွေနဲ့ ‌ကလေးတွေ တော်တော်ဆိုးဝါးတဲ့အနေထားဖြစ်နေတယ်။ ဒီဘက်မှာပိတ်မိနေသလိုဖြစ်ပြီး ဆေးဝါးတွေကဘယ်လိုမှ လုပ်လို့မရဘူးဗျ။ ဖျားနာ နေမကောင်းတဲ့သူမှန်သမျှ ဒီတိုင်းပဲထိုင်ခံနေရတယ်”လို့ လေးတွင်းစင်ရွာသားတဦးက ပြောပါတယ်။

လက်ရှိမှာ ပဇီကြီး၊ ထန်းတော၊ လေးတွင်းစင်၊ ချောင်းရှည်၊ ချောင်းသာ၊ မယ်ဇတောနဲ့ချောင်းမကြီးရွာက ဒေသခံတွေဟာ နီးစပ်ရာတောတွေထဲမှာနေထိုင်နေရပြီး စစ်ကောင်စီက စစ်ရှောင်ရွာသားတွေကို အဓိကထား လိုက်လံရှာဖွေတာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ပဇီကြီးရွာကို ဧပြီ ၁၉ ရက်နေ့က စတင်ဝင်ရောက်လာတာဖြစ်ပြီး လေးတွင်းစင်နဲ့ ချောင်းသာရွာကိုလည်း မီးရှို့ဖျက်စီးထားတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10