ပဇီကြီးမှာ တိုက်ပွဲဖြစ်၊ လေယာဉ်နဲ့ ဗုံးကြဲ

ပဇီကြီးမှာ တိုက်ပွဲဖြစ်၊ လေယာဉ်နဲ့ ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ မြေပြင်ထိတွေ့မှုတွေ စတင်ဖြစ်နေပြီး ပစ်ခတ်သံတွေ၊ ပေါက်ကွဲသံတွေ ကြားရပြီးနောက် လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဧပြီလ ၂၀ ရက် ဒီကနေ့ နေ့လယ် ၁ နာရီလောက်ကမှာ ပဇီကြီးကျေးရွာဘက်မှ ပေါက်ကွဲသံ၊ ပစ်ခတ်သံတွေ ကြားရပြီး နောက်တနာရီခန့်အကြာ မွန်းလွဲ ၂ နာရီခွဲမှာ လေယာဉ်နဲ့ ဗုံးလာကြဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


“အခု တိုက်ပွဲဖြစ်နေတာ၊ ဝေဟင်တော့ မလာသေးဘူး။ နယ်မြေခံအဖွဲ့တွေရဲ့ မိုင်းကွင်းတွေထဲ မိတာ တော်တော်သေတယ်လို့ကြားတယ်။ ပဒေသမိုင်းကွင်းတွေမိတာဆိုတော့ တအုန်းအုန်းပေါက်ကွဲသံတွေကို ပထမက ဝေဟင်ကျဲတယ်ထင်နေကြတာ၊ ပွိုင့်တွေကို **တွေတိုးတာ၊ လောလောဆယ် ဝေဟင်တော့ မလာသေးဘူး။ လေကြောင်းလာမှာတော့ ကြောက်ရတယ်။ ခုလည်း ဝေဟင်ထောက်နေရတယ်" လို့ ပဇီကြီးတိုက်ခိုက်ခံရမှုအပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ပေးခဲ့တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

အဲဒီလိုပေါက်ကွဲသံတွေကြားပြီးတဲ့နောက်မှာ စစ်ကောင်စီက ပဇီကြီးရွာအနောက်ဘက်ကို လေယာဉ်နဲ့ ဗုံးလာကြဲခဲ့တာ ဖြစ်ပါတယ်။

ပဇီကြီးရွာထဲကို ဧပြီလ ၁၉ ရက်နေ့ မနေ့က ညနေက အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကြောင်းဝင်ရောက်သွားပြီး ရွာထဲမှာပဲ အထိုင်ချထားကာ ဒီကနေ့ နေ့လယ်မှာ ပစ်ခတ်တိုက်ခိုက်သံတွေ စတင်ကြားနေရတာလည်း ဖြစ်ပါတယ်။

ဧပြီလ ၁၉ ရက် မနက် ၇ နာရီဝန်းကျင်က မလယ်ရွာဘက်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲကာ အင်အား ၂၀၀ ကျော်နဲ့ ဝင်လာတာဖြစ်ပြီး ပဇီကြီးဖြစ်စဥ်က သေဆုံးမှုအတွက် သတင်းမှားတွေ ထုတ်ပြန်ဖို့ နယ်မြေစိုးမိုးမှု လာယူတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကတော့ ဆိုကြပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကနေ ဧပြီလ ၁၈ ရက် နေ့လယ်ကတည်းက ရေလမ်းကြောင်းနဲ့ မြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ မလယ်ရွာဘက်ကို ကူးလာပြီး ၉ နာရီဝန်းကျင်လောက်မှာ စစ်ကြောင်းတွေက ရွာထဲကို စတင်ရောက်လာတာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ မြေပြင် စစ်ကြောင်းရောက်ရှိလာလို့ ပထမအကြိမ် လေကြောင်းပစ်ခတ်မှုကြောင့် စစ်ရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ ပိုဝေးတဲ့နေရာတွေကို ထပ်မံရွေ့ကာ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးလာတာကြောင့် ပဇီကြီးရွာအပါအဝင် ရွာသာယာ၊ လေးတွင်းဇင်၊ မယ်ဇတော၊ မလယ်၊ ထနောင်းကိုင်းကြီး စတဲ့ ကျေးရွာတွေက ဒေသခံ ၁ သောင်းကျော် စစ်ရှောင်နေရတာပါ။

ပဇီကြီးကျေးရွာဟာ ဧပြီလ ၁၁ ရက်က လေကြောင်းနဲ့ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး အရပ်သားပြည်သူသေဆုံးမှု အရေတွက်ဟာ လက်ရှိအချိန်ထိ ၁၇၀ ကျော်ရှိနေကာ အဆိုပါသေဆုံးမှုထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ၄၄ ဦးပါဝင်ထားတယ်လို့ မြေပြင်စာရင်းကောက်ယူသူတွေကတဆင့် သိရပါတယ်။

စာတည်း - လင်းဇေ
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10