ပဇီကြီးရွာ လေကြောင်းပစ်ခတ်မှုကြောင့် ကလေး ၂၀ ဦးပါ သေဆုံးသူ ၁၆၈ ဦးအထိရှိလာ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ပြည်သူဦးရေ ၁၆၈ ဦးအထိ အတည်ပြုနိုင်ခဲ့ပြီး အဲ့ဒီထဲမှာ ကလေး ၂၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။
ဧပြီလ ၁၂ ရက် မနေ့ကညနေပိုင်းထိ အလောင်းကောက်ယူ စာရင်းပြုစုထားခဲ့တာဖြစ်ပြီး သေဆုံးအလောင်းတွေကိုတော့ လေကြောင်းအခြေနေကိုကြည့်ပြီး မီးရှို့သဂြိုလ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
“သေဆုံးထဲမှာကို မိသားစုလိုက်ပါသွားတာ ရှိတယ်။ ပဇီကြီးက များတယ်။ တချို့ဆို ၄ ယောက်ပါတာ ရှိတယ်။ ၅ ယောက်ပါတာ ရှိတယ်။ တချို့မိသားစုဆို အမေတယောက်ကျန်တာ ရှိတယ်။ တချို့မိသားစုဆို အိမ်ထောင်ဦးစီးတယောက်ထည်း ကျန်တာတွေ ရှိတယ်။ တဦးတယောက် ကျန်တာက ကျနော် သိသလောက် ၃ ယောက် ရှိတယ်။ တချို့ဆို ရူးနေပြီလေ။ မနေ့တုန်းကကို ၂ ယောက်လောက် တွေ့ခဲ့တယ်။ အဲ့နားလေးမှာပဲ သူ့သားသူ့သမီးတွေရှိသေးဆိုတဲ့ ပုံစံမျိုးနဲ့ ပတ်သွားနေတာ။” လို့ ကယ်ဆယ်ရေးသွားခဲ့သူတဉီးက ပြောပါတယ်။
သေဆုံးဦးရေ ၁၆၈ ဦးထဲမှာ ပဇီကြီးကျေးရွာက အများစုဖြစ်ပြီး၊ မိသားစုလိုက် သေဆုံးတာ အခုလက်ရှိအချိန်ထိ မိသားစု ၄ စုရှိတယ်လို့ သိထားရပြီး ရွာနဲ့နာမည်စာရင်းတွေကတော့ အချိန်ယူပြီး စိစစ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ သေဆုံးအရေအတွက်ဟာ ဆေးရုံမှာကုသနေစဉ် သေဆုံးတဲ့ပြည်သူအရေအတွက် မပါဝင်သေးဘဲ ဖွင့်ပွဲအခမ်းနားမှာ သေဆုံးခဲ့တဲ့ ပြည်သူအရေအတွက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးပြည်သူတွေထဲမှာ ပဇီကြီး၊ ရှာသာယာ၊ လေးတွင်းဇင်၊ မယ်ဇတော၊ မလယ်၊ ထနောင်းကိုင်းကြီး၊ ခင်ဦး စတဲ့ကျေးရွာက ပြည်သူတွေ ပါဝင်နေပါတယ်။
ပြီးခဲ့တဲ့ဧပြီလ ၁၁ ရက်က ပဇီကြီးကျေးရွာမှာ ဒေသခံကျေးရွာသားတွေနဲ့ အနီးကျေးရွာက ပြည်သူတွေ စုဝေးမှုရှိနေတဲ့နေရာကို မနက်ပိုင်းနဲ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်သားတွေက လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ခုလို ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ပုံစာ - ပဇီကြီးကျေးရွာမှာ သေဆုံးအလောင်းတွေကို ရှာဖွေသယ်ယူနေစဥ်။
စာတည်း - လင်း
#မြေလတ်အသံ
Share
Share
Share