သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်တွေ နေ့စဥ်စစ်ကြောင်းထိုးနေတာ လနဲ့ချီကြာမြင့်လာပြီး အခုနိုဝင်ဘာလထဲမှာ မြို့နယ်အနောက်ခြမ်းက ကျေးရွာတချို့ကို စစ်တပ်က သိမ်းယူထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ မတ္တရာနယ်အတွင်း တော်လှန်ရေးတပ်တွေ ပူးပေါင်းသိမ်းယူသွားတဲ့နေရာတွေဟာ မတ္တရာမြို့နယ်အရှေ့ခြမ်းဖြစ်ပါတယ်။
မတ္တရာမြို့နယ်အရှေ့ခြမ်းဟာ ပြင်ဦးလွင်မြို့နယ်နဲ့ထိစပ်နယ်မြေဖြစ်တာမို့ စစ်ရေးအရ အရေးကြီးနယ်မြေဖြစ်တယ်ဆိုတာ အားလုံးသတိထားမိကြမှာပါ။
ဒါပေမဲ့ လက်ရှိ စစ်တပ်စစ်ကြောင်းအများစုဟာ အဲဒီနယ်မြေတွေမဟုတ်ဘဲ မတ္တရာမြို့နယ်အနောက်ခြမ်းနဲ့ မိုးကုတ်-မန္တလေးလမ်းပိုင်းကို ဦးတည်လာတာတွေ့ရပါတယ်။
MDY-PDF ဦးဆောင်သိမ်းယူထားတဲ့ ဖယောင်းတောင်၊ အယ်လ်ဖာဘိလပ်မြေစက်ရုံဘက်တွေမှာ တိုက်ပွဲတွေဖြစ်ပွားတာမျိုးက ဆက်တိုက်ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီအရှေ့ခြမ်းမှာ အောက်တိုဘာလအတွင်း စစ်တပ်ထိုးစစ်ဆင်ခဲ့ပြီး ထန်းပင်ကုန်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဒီနေ့အထိ ပြင်းထန်တဲ့တိုက်ပွဲသံတွေ မကြားရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလအစထဲမှာ မတ္တရာမြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ဝေါစုကျေးရွာကို လေကြောင်းတိုက်ခဲ့တာမို့ သံဃာတွေအပါအဝင် ပြည်သူ ၁၂ ဦး ပွဲချင်းပြီးသေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
ဒီရွာဟာ မတ္တရာမြို့ကနေထွက်ရင် တော်လှန်ရေးတပ်တွေ ပထမဆုံးစိုးမိုးတဲ့နယ်အစလို့ ပြောလို့ရပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်က မတ္တရာမြို့ထဲကနေ စစ်ကြောင်းထိုးလာပြီး ဝေါစု၊ ဝန်စုကျေးရွာတွေကို သိမ်းယူဖို့ကြိုးစားခဲ့ရာမှာ နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပြီး တော်လှန်ရေးတပ်တွေ နောက်ဆုတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၅ ရက်မှာ မိုးကုတ်-မန္တလေးလမ်းမအနီးက ရွာသစ်ရွာကို စစ်တပ်က ပြန်သိမ်းခဲ့ပြီး နိုဝင်ဘာ ၁၁ ရက် သတင်းအရ မတ္တရာရဲ့အနောက်မြောက်ဘက်က မြွေထိန်ပင်ကျေးရွာကိုပါ စစ်ကောင်စီတပ်က သိမ်းထားတယ်လို့ နယ်မြေမှာရှိနေတဲ့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ ထိန်ပင်စောက်ကျေးရွာကို စစ်တပ်စစ်ကြောင်းထပ်တိုးလာပြီး တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုအခါမှာ စစ်ကောင်စီတပ်ဟာ မတ္တရာမြို့အနောက်မြောက်ဘက်၊ မတ္တရာမြို့ကနေ ၈ မိုင်ကျော်ဝေးတဲ့ ဧရာဝတီမြစ်ကမ်းဘေးက ဥဒိန်ရွာအထိ နယ်မြေရအောင်ကြိုးစားနေတယ်လို့ အဲဒီဘက်က နယ်မြေကျွမ်းကျင်သူ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
"ဥဒိန်ကိုရရင် အခု စကစအထိုင်ချထားတဲ့ မြစ်ကမ်းနားက ကျေးရွာတွေနဲ့ လမ်းတွေပေါက်သွားမယ်။ နယ်မြေအကုန်နီးပါးကို စကစစိုးမိုးနိုင်သွားမယ့်သဘောပဲ။"လို့ အဲဒီနယ်ခံတော်လှန်ရေးတပ်ဖွဲ့ဝင်က သုံးသပ်ပြတယ်။
အဲဒီကနေ စစ်ကြောင်းဆက်ထိုးဖို့ နောက်ထပ်ကြိုးစားနေတာဟာ စကျင်ကျေးရွာဖြစ်တယ်လို့ သိရပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကတော့ စစ်တပ်က စကျင်ကျေးရွာကို ပြန်သိမ်းယူဖို့ ကြိုးစားနေတာလို့ သုံးသပ်ထားပါတယ်။
စကျင်ကျေးရွာဟာ မိုးကုတ်-မန္တလေးလမ်းပေါ်မှာရှိပြီး ကားလမ်းမအတိုင်းမြောက်ဘက်ကိုထွက်မယ်ဆိုရင် MDY-PDF ဦးဆောင် သိမ်းယူထားတဲ့ ရေနံ့သာတိုးဂိတ်ကို ရောက်မှာပါ။
အဲဒီနေရာတွေကို ပြန်လည်ရယူဖို့ စစ်တပ်ကထိုးစစ်သာဆင်မယ်ဆိုရင် စကျင်ကျေးရွာဟာလည်း အရေးပါတဲ့ နေရာမှာ ရှိပါတယ်။
မတ္တရာမြို့ကနေ ဝန်စုကျေးရွာ၊ ဥဒိန်နဲ့ စကျင်ကျေးရွာတွေကို စစ်တပ်က ထိန်းချုပ်နိုင်မယ်ဆိုရင် အခုလက်ရှိ ဧရာဝတီမြစ်ကမ်းအနီးက ငယ်တိုး၊ သဖန်းထောင့်နဲ့ သုံးဆယ်ပေးတို့မှာလည်း စစ်တပ်ကအထိုင်ချထားပြီး လက်နက်ကြီးတွေဆင်ထားတဲ့ ရွာတွေနဲ့ ပေါင်းကာနယ်မြေအသာစီးရနိုင်တဲ့ အခြေအနေပါ။
ဒီကျေးရွာတွေကိုသာ စစ်ကောင်စီလက်ထဲပေးလိုက်ရမယ်ဆိုရင် မတ္တရာမြို့နယ်အနောက်ခြမ်းရဲ့ အခြေအနေဟာ တမျိုးပြန်လည်ပြောင်းသွားနိုင်ပါတယ်။
ဒီနေရာမှာ နိုဝင်ဘာ ၁၂ ရက်နေ့အထိ စစ်တပ်ရရှိဖို့ကျန်နေတဲ့နေရာက စကျင်ရွာနဲ့ ဥဒိန်ရွာပဲကျန်ပါတော့တယ်။
နယ်မြေတွေ မဆုံးရှုံးရရေးကို မတ္တရာမြို့နယ်ပကဖဦးစီးပြီး ခုခံတိုက်ခိုက်နေပေမယ့် စစ်တပ်က မတ္တရာကို အင်အားရာနဲ့ချီပို့ကာ ထိုးစစ်ဆင်နေတာပါ။
မူလက မန္တလေးမြို့ကိုကာကွယ်ဖို့ ကာကင်းကိုအသေအချာပြင်နေတဲ့ စစ်တပ်ဟာ အခုတကြိမ်မှာ လေကြောင်းကို အဓိကထားအသုံးပြုပြီး မြေပြင်မှာ ထိုးစစ်ကို တရစပ်ထိုးနေတာပါ။
မတ္တရာမြို့နယ်ဟာ စဉ့်ကူးမြို့နယ်နဲ့ထိစပ်နယ်မြေဖြစ်ပါတယ်။ တကယ်လို့ အထက်ပါကျေးရွာတွေကိုသာ စစ်တပ်သိမ်းယူနိုင်ခဲ့ရင် စဉ့်ကူးမြို့နယ်ရဲ့ အန္တရာယ်ကလည်းမသေးပါဘူး။ ဒီနယ်မြေတွေမှာ ရေကြောင်းလမ်းကို တော်လှန်ရေးတပ်တွေ မတားဆီးနိုင်သေးပါဘူး။
ဒီမှာရေကြောင်းကနေ အလစ်အငိုက်ဝင်တိုက်ခံရတဲ့ ဖြစ်စဉ်တွေဟာ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ် မြစ်ကမ်း ကျေးရွာတွေမှာ မကြာခဏဖြစ်ခဲ့ပြီး သင်ခန်းစာယူရမယ့်ဖြစ်စဥ်တွေ အများအပြားရှိခဲ့ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ပိုဆိုးလာတဲ့ကိစ္စကတော့ စစ်တပ်က ရေကြောင်းကနေ အင်အားပို့ခဲ့ရင် အမြဲတမ်း လေယာဥ်ပစ်ကူပါနေတာပါပဲ။
မန္တလေးတိုင်းနဲ့ ဧရာဝတီမြစ်တခုသာခြားတဲ့ ဝက်လက်မြို့နယ်အရှေ့ခြမ်းက တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက စစ်တပ်က ရေကြောင်းကနေ စဉ့်ကူးမြို့နယ်ကို ပြန်လည်ထိုးစစ်ဆင်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
သူထောက်ပြသွားတဲ့အချက်ကတော့ မြစ်ရေကျချိန် (၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ဝန်းကျင် )မှာ မြစ်ကမ်းအနီးက ကျေးရွာတွေမှာ သဲသောင်ပြင်တွေ ပေါ်လေ့ရှိပါတယ်။ သင်္ဘောတွေ ကမ်းထိုးကပ်ပြီး စစ်တပ်က ဝပ်ကျင်းတူးပြီး ပြန်ထိုးလာရင် ကျေးရွာတွေတောင့်ခံဖို့ ခက်ခဲလိမ့်မယ်လို့ သူက ထောက်ပြထားပါတယ်။
မတ္တရာမြို့နယ်နဲ့ အနီးစပ်ဆုံးကတော့ စဉ့်ကူးမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေ နောက်ဆုံးသိမ်းယူခဲ့တဲ့ ရွာသာယာကျေးရွာ(ပျူစောထီး)ရွာရှိပါတယ်။
ဒီရွာကထွက်ပြေးသွားတဲ့ ပျူစောထီးအုပ်စုကလည်း စစ်တပ်လက်အောက်မှာ ရှိနေပါသေးတယ်။ မတ္တရာနယ်ကို စိုးမိုးပြီးတာနဲ့ ဒီကျေးရွာအပါအဝင် စစ်တပ်ရဲ့ အရင်အထိုင်စခန်းဖြစ်ခဲ့တဲ့ စဉ့်ကူးမြို့နယ်က ထုံးကြီးကျေးရွာနဲ့ ရွှေပြည်ကျေးရွာတို့ရဲ့ စစ်ရေးအခြေအနေဟာ စိုးရိမ်စရာဖြစ်လာပါတယ်။
စဉ့်ကူးမြို့နယ်ရဲ့ အထက်ဘက် သပိတ်ကျင်းမြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်က ခံစစ်ပြင်ထားပါတယ်။
ဒီလိုပါပဲ နိုဝင်ဘာလ ၁၁ ရက်နေ့ ညပိုင်းက တော်လှန်ရေးတပ်တွေသိမ်းယူထားတဲ့ မိုးကုတ်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် အခုသိမ်းယူထားတဲ့ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့နယ်မှာ ရွှေလုပ်ကွက်၊ ကျောက်လုပ်ကွက်တွေ ရှိနေပြီး ဒီကနေ ဘဏ္ဍာငွေရနေတာကိုလည်း စစ်တပ်က ကောင်းကောင်းသိနေပါတယ်။
ဒီနေရာတွေဟာ စစ်ရေးအတွက်ရော၊ PDF ဘဏ္ဍာငွေအတွက်ရော ဘယ်လိုမှ ပေးထားလို့မရတဲ့ နယ်မြေဆိုတာ သိနေတဲ့စစ်တပ်က မန္တလေးမြို့ပေါ်မှာ ရွှေရောင်းချခြင်းတင်းကျပ်တာတွေလုပ်နေသလို နယ်မြေထိုးစစ်ဆင်မှုကိုလည်း တရစပ်လုပ်နေပါတယ်။
ဒါကြောင့် ပတ္တမြားမြေ မိုးကုတ်နဲ့ ရွှေလုပ်ကွက်တွေရှိရာ သပိတ်ကျင်းမြို့နယ်တွေကို စစ်ကောင်စီတပ်တွေက ပြန်သိမ်းနိုင်မလား၊ တော်လှန်ရေးတပ်ဖွဲ့တွေကပဲ ထိန်းထားနိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။
#မြေလတ်အသံ
#ဆောင်းပါး #ပတ္တမြားမြေ #ရွှေလုပ်ကွက် #မတ္တရာ #မိုးကုတ်
Share Share Share