ပန်းတိုင်းခြုံရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၁၆ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်ခြုံကျေးရွာမှာရှိတဲ့ စစ်ကောင်စီစခန်းတခုကို နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းမှာ ကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် - BNRA အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီအင်အား ၂၇ ဝန်းကျင်နဲ့ ပန်းတိုင်ခြုံကျေးရွာမှာ တပ်စွဲထားတဲ့ စခန်းတခုကို ညနေ ၄ နာရီဝန်းကျင်မှာ ဝင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့က စခန်းရတယ်၊ ဘန်ကာမရခဲ့ဘူး။ စခန်းအထိတော့ ကျနော်တို့ ဝင်ရောက်ပြီး တိုက်ခိုက်နိုင်ခဲ့တယ်၊ နောက်ဆုံးဘန်ကာတခု ကျန်တဲ့အချိန်မှာ တဖက်ကရန်သူရဲ့ တပ်ကူရောက်လာတယ်” လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA ပြောရေးဆိုခွင့်ရှိသူ ကိုဆာန်က ပြောပါတယ်

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၁၆ ဦးသေဆုံးပြီး BNRA ဘက်က ရဲဘော် ၁ ဦးကတော့ မျက်နှာကိုရှပ်ထိပြီး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

BNRA နဲ့ ပူပေါင်းအဖွဲ့တွေဟာ စခန်းထဲထိ ဝင်ရောက်တိုက်ခိုက်နိုင်ပေမယ့် နောက်ဆုံးဘန်ကာတခုမှာ စစ်ကောင်စီဘက်က တပ်ကူရောက်လာသလို ကျည်မလောက်တော့တာကြောင့် စခန်းကို ပြည်သူလက်ထဲ မအပ်ခဲ့နိုင်ဘူးလို့ ကိုဆာန်က ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA၊ Southern YSO PDF နဲ့ Yesagyo Revolution Group (YRG) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်ကလည်း ဒီပဲယင်းမြို့နယ် လက်တီးကျေးရွာမှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ BNRA တို့တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပခုက္ကူမြို့နယ် #ပန်းတိုင်းခြုံရွာ #စစ်အုပ်စုတပ်စခန်း #တိုက်ခိုက်ခံရ #ထိခိုက် #စစ်သား #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10