ပန်းတောင်းနယ်ထဲက ကပစတပ်တွေမှာ စက်တပ်လေထီးတွေရောက်ရှိနေပြီး လေ့ကျင့်ပျံသန်းမှုတွေလုပ်နေ

ပန်းတောင်းနယ်ထဲက ကပစတပ်တွေမှာ စက်တပ်လေထီးတွေရောက်ရှိနေပြီး လေ့ကျင့်ပျံသန်းမှုတွေလုပ်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်းက ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)တပ်တွေမှာ စက်တပ်လေထီး(ပါရာဂလိုက်ဒါ)တွေ အုပ်ဖွဲ့ရောက်ရှိနေပြီး ပျံသန်းလေ့ကျင့်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေနဲ့ ကပစတပ်သတင်းရင်းမြစ် တချို့ထံက သိရပါတယ်။

ပန်းတောင်းနယ်၊ ဆင်တဲရွာအခြေစိုက် ကပစ ၃၊ ဥသျှစ်ပင်အခြေစိုက် ကပစ ၉ တပ်တွေမှာ စက်တပ်လေထီးတွေ ရောက်ရှိနေတာဖြစ်ပြီး ဇန်နဝါရီလ ဒုတိယအပတ်အတွင်းကစတင်ကာ ပျံသန်းလေ့ကျင့်မှုတွေ လုပ်နေတာလို့ ဆိုပါတယ်။

“ အပေါ်က လေထီးပါတယ် အောက်ကစက်တပ် ၂ယောက်စီးပါဗျ။ ၂ စီးပါ။ နာရီ၀က်လောက် တပ်(ကပစ ၃) ဧရိယာကို လှည့်ပတ်ပျံသွားပါတယ်။” လို့ ကပစ ၃ တပ်အနီးနေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ အမ်းနဲ့တောင်ကုတ်မြို့တွေ အာရက္ခတပ်တော်-AAရဲ့သိမ်းပိုက်မှုခံရပြီးတဲ့နောက် ရခိုင်ရိုးနဲ့ကပ်လျက်ရှိ ပန်းတောင်းမြို့နယ်အတွင်း ကပစတပ်တွေမှာ ခံစစ်အခိုင်အမာပြင်ဆင်နေတဲ့အပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာမှာ အသုံးပြုနေတဲ့ စက်တပ်လေထီးတွေကိုပါ ကပစတပ်တွေဆီကို ပို့ဆောင်ထားတာပါ။

“ မိတ္ထီလာ တကစ(အကြီးစား)တပ်တွေမှာ ထုတ်ပြီးတော့ နယ်မြေသိပ်မကောင်းတဲ့ ကပစတပ်တွေကို အုပ်လိုက်ပို့တယ်လို့တော့ သိရတယ်။” လို့ မကွေးတိုင်းအတွင်းရှိ ကပစတပ်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

စက်တပ်လေထီးတွေကို စစ်ကောင်စီတပ်ရဲ့ ပူးပေါင်းစစ်ဆင်ရေးနဲ့လေထီးသင်တန်း တက်ရောက်ထားတဲ့ လေထီးခုန်တပ်ဖွဲ့ဝင်တွေက မောင်းနှင်တာဖြစ်ပြီး စစ်ရေးပြင်းထန်နိုင်တဲ့ နယ်မြေတွေမှာ ပို့ဆောင်အသုံးပြုနေတာလို့ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

“ ခုမှ စရောက်လာပြီး လေ့ကျင့်ရင်းနဲ့ နယ်မြေကို အကဲကြည့်တဲ့အနေအထားမျိုးလို့တော့ မြင်ပါတယ်။ သူတို့(ဂလိုက်ဒါ)က ဗုံးကြဲတဲ့အခါ ဒရုန်းထပ်ပိုပြီးတော့ တိကျမယ်။ ပြီးရင် လေယာဥ်ခေါ်ရတာက အဆင့်ဆင့်နဲ့ကြာတော့ ဒီဟာက ပိုပြီးမြန်မယ်။” လို့ ၎င်းက ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က အထက်ပါစက်တပ်လေထီးတွေကို မြင်းခြံခရိုင်၊ တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာမှာ ၂ ကြိမ်ထက်မနည်း အသုံးပြုထားပြီး အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

ပန်းတောင်းမြို့နယ်ထဲမှာ ဆင်တဲ ကပစ ၃၊ ကမြိုင် ကပစ ၅ ၊ ပျဥ်ကြီး ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့သင်တန်းကျောင်း(ကထက)၊ ညောင်ခြေထောက် ကပစ ၆၊ ကျောက်ဖူး ကပစ ၉ နဲ့ ထုံးဘို အကြီးစားစက်ရုံ တကစ ၃ စတဲ့ ကပစတပ် ၆ ခုရှိပြီး ပန်းတောင်တပ်နယ်မှူးက ကပစ ၅ စက်ရုံမှူး ဗိုလ်မှူးချုပ် ထွေးလှ ဖြစ်တယ်လို့ ကပစတပ်အသိုင်းအဝိုင်းထံက သိရပါတယ်။

ပုံစာ - ဥသျှစ်ပင်မြို့အခြေစိုက် ကပစတပ်တွေအပေါ်မှာ လှည့်လည်ပျံသန်းနေတဲ့ စက်တပ်လေထီးများအားတွေ့ရစဉ်။

#မြေလတ်အသံ

#ပန်းတောင်း #ကပစ #ဂလိုက်ဒါ #စက်တပ်လေထီး #လေ့ကျင့် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10