ပန်းတောင်းမြို့နယ်ကရွာတွေမှာ ပြည်သူ့စစ်အတွက် လူအင်အား အဓမ္မတောင်းနေ

ပန်းတောင်းမြို့နယ်ကရွာတွေမှာ ပြည်သူ့စစ်အတွက် လူအင်အား အဓမ္မတောင်းနေ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့တဖက်ကမ်း၊ ပန်းတောင်းမြို့နယ်ထဲက ရွာတွေကို စစ်တပ်က ပြည်သူ့စစ်အတွက် တအိမ်တယောက် ခေါ်ယူနေကာ အိမ်တိုင်းကို မဲနှိုက်ခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၀ ရက် မနေ့က ညနေပိုင်းမှာ ကျေးရွာလူကြီးတွေကို အစည်းဝေးခေါ်ပြီး အသက် ၁၈နှစ်ကနေ ၆၅ နှစ်အတွင်း အမျိုးသား/သမီးအကုန် တအိမ်တယောက် ထွက်ရမှာဖြစ်ကာ တရွာကို ၂၀၊ ၃၀ စသည်ဖြင့် သတ်မှတ်ကာ အိမ်ခြေ ၁၀၀ကို အယောက် ၂၀ နှုန်းနဲ့ မဲနှိုက်ရွေးချယ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ပန်း‌တောင်း တမြို့နယ်လုံး ပါတယ်။ မဲပေါက်တဲ့သူက လိုက်ချင်တဲ့သူလိုက် မလိုက်ချင်တဲ့သူက ပိုက်ဆံပေးပြီး လူစားရှာ။ မဲ မပေါက်တဲ့အိမ်ကလည်း သင်တန်းသားတွေကို တရက်ဘယ်လောက်နှုန်းဆိုပြီး ထောက်ပံ့ရမယ်တဲ့။ ရွာသားတွေက ကြောက်လို့သာ ခေါင်းညိမ့်နေရတာ စိတ်ထဲမှာ ဘယ်သူမှ လက်မခံဘူး။" လို့ ပန်းတောင်းဒေသခံ ရွာသားတဦးက ပြောပါတယ်။

မဲနှိုက်ခေါ်သွားတဲ့ ရွာသားတွေကို ပန်းတောင်းမြို့ပေါ်မှာ ၁၄ ရက်တာ သင်တန်းပေးပြီး ကိုယ့်ရွာကိုယ် ကာကွယ်ဖို့အတွက် ပြန်ပို့မှာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြောဆိုနေပေမယ့် ရွာသားတွေကတော့ မယုံကြဘူးလို့ ဆိုပါတယ်။

“ရွာက ကောက်တဲ့သူတွေကို ရွာထဲမှာပဲ ထားမှာလားဆိုတော့ ထားမှာ ရွာလုံခြုံရေးအတွက်တဲ့။ ယုံကို မယုံတာ။ လေးလေးတို့လည်း သတင်းတွေဖတ်နေတာပဲ။ ဒီကလူဟိုပို့ ဟိုကလူ ဒီပို့လုပ်နေတာ မြင်နေတာပဲ။” လို့ အဆိုပါ ရွာသားက ဆက်ပြောပါတယ်။

အခုလက်ရှိ ပန်းတောင်းမြို့နယ်ထဲက ဒေါင်းမျက်နားနဲ့ ဒန့်ဒလွန်ရွာက ဒေသခံအယောက် ၂၀ ဆီ ခေါ်သွားခံရပြီး တချို့ကျေးရွာတွေမှာ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

“သူတို့ စစ်သားအင်အား မလုံလောက်တော့လို့ တဖက်လှည့်နဲ့ ကိုယ့်ရွာကိုယ် ပြန်စောင့်ရှောက်ဖို့ဆိုတဲ့ ခေါင်းစဥ်နဲ့ တပ်သား စုဆောင်းနေတာလို့ပဲ မြင်တယ်။ သူတို့ဆီရောက်သွားရင်တော့ သူတို့ လက်ခုပ်ထဲက ရေပဲလေ ရှေ့တန်းဆို ရှေ့တန်း ထွက်ရမှာပဲ။"လို့ နောက်ထပ် ပန်းတောင်း ဒေသခံတဦးက ပြောပါတယ်။

အလားတူပဲ ရွာ ၄ ရွာပါတဲ့ တောင်ပို့ကြီးအုပ်စုမှာတော့ အသက် ၁၈ကနေ ၆၀ အတွင်း လူဦးရေ ၉၀ တောင်းတယ်လို့ တောင်ပို့ကြီးအုပ်စုက ဒေသခံတဦးက ဆိုပါတယ်။

အဲ့ဒီအုပ်စုထဲမှာ တောင်ဘို့ကြီး၊ မြေဝါကုန်း၊ မှန်ကုန်း၊ ရွာသစ်ကုန်းတို့ပါဝင်ပြီး ဇန်နဝါရီ ၁၁ ရက် ဒီနေ့မနက်မှာ မှန်ကုန်းနဲ့ တောင်ဘို့ကြီးရွာတွေမှာ အစည်းအဝေးလုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။

"မြေဝါကုန်းနဲ့ ရွာသစ်ကုန်းက မနက်ဖြန် (ဇန်နဝါရီ၁၂) မနက် ၈ နာရီ တရွာလုံးအစည်းအဝေးခေါ်ထားတယ်။ မလာတဲ့အိမ်က ပေါက်မဲစာရင်းထည့်မယ်ပြောတယ်" လို့ တောင်ပို့ကြီးအုပ်စု ဒေသခံတဦးက ဆိုပါတယ်။

အဲ့ဒီရွာတွေမှာလည်း တခြားရွာတွေမှာလိုပဲ ၁၄ ရက်သင်တန်းတက်ပြီးရင် ရွာမှာကင်းပြန်စောင့်ရမယ်လို့ ပြောကာ လူစုနေပေမယ့် မယုံကြသလို မသွားချင်ကြဘူးလို့ ဆိုပါတယ်။

ပန်းတောင်းမြို့နယ်မှာ ကျေးရွာအုပ်စု ၄၁ ခုနဲ့ ကျေးရွာပေါင်း ၂၀၀ ကျော်ရှိကာ သတ်မှတ်လူဦးရေအတိုင်း မပေးနိုင်ရင် ရွာကို မီးရှို့ဖို့အထိ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် အတည်မပြုနိုင်သေးပါဘူး။ 

ဇန်နဝါရီ ၉ ရက်ကလည်း ပန်းတောင်းမြို့နယ်ထဲက ကျေးရွာတချို့ကို ကျေးရွာ အုပ်ချုပ်ရေးမှူးမပါဘဲ ရဲနဲ့ လူစိမ်းတွေ ရုတ်တရက်ရောက်လာကာ ဧည့်စာရင်းဝင်စစ်ပြီးနောက် အခုလိုပြည်သူ့စစ်အတွက် လူခေါ်တာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #ပန်းတောင်း #ပဲခူး #ပြည်သူ့စစ် #အဓမ္မ #လူသစ်စုဆောင်း #စစ်ကောင်စီ #စစ်တပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10