ပန်းတောင်းမြို့နယ် ကျေးရွာအချို့မှာ ရေရှားပါးမှုနဲ့ စတင်ကြုံတွေ့လာရ

ပန်းတောင်းမြို့နယ် ကျေးရွာအချို့မှာ ရေရှားပါးမှုနဲ့ စတင်ကြုံတွေ့လာရ

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ထဲက ကျေးရွာအချို့မှာ ရေရှားမှုတွေနဲ့ စတင်ကြုံတွေလာနေရပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
 
မတ်လလယ်မှစတင်ပြီး ပန်းတောင်းမြို့နယ်ထဲက သဲဖြူ၊ မြေဝါမှန်ကုန်း၊ ကြာအင်း၊ ကျီးပင်၊ ပေပင်၊ သပြေကုန်းရွာတွေမှာရေရှားပါးမှု စတင်ကြုံတွေ့လာရတာဖြစ်ပါတယ်။
 
“ခုလိုရာသီဆိုရင် စပြီးရှားလာပါတယ်။ တူးထားတဲ့ကန်တွေလည်း ရေခမ်းလာပါပြီ။ ခုထိတော့ ရေအလှူခံသွားတဲ့ အဖွဲ့တွေရှိပါတယ်။ ဥသျှစ်ပင်ဘက်က သွားကြပါတယ်။ ပရဟိတအဖွဲ့တွေတော့ မဟုတ်ပါဘူး၊ စုသွားပြီးလှူကြတာပါ” လို့ ပန်းတောင်းမြို့ခံတဦးက ပြောပါတယ်။
 
မြေဝါကုန်း၊ ပေပင်၊ ကျီးပင်၊ သပြေကုန်းရွာတွေမှာ ကန်များတူးကာ မိုးရာသီရေများကို လှောင်သုံးရသည့်ရွာများဖြစ်ပြီး မြစ်ချောင်းဝေးတဲ့ ရွာတွေဖြစ်ကာ ချောင်းငယ်တွေမှာလည်း ခမ်းကုန်ပြီလို့ ဒေသခံတွေကပြောပါတယ်။
 
“ဟိုတုန်းက တူးထားတဲ့ ကန်တွေရှိတယ်၊ အလှူရှင်တွေကလာတူးပေးတာရှိတယ်။ ကျေးလက်က တူးပေးထားတဲ့ကန်တွေရှိတယ်။ ဒီဘက်နှစ်တွေမှာက ထိန်းသိမ်းရေးဘာမှမလုပ်ကြတော့ ခမ်းတာနဲ့ နှုန်းမဖော်နိုင်တော့ တိမ်ပြီး ခမ်းလာတာပေါ့။ နွားသောက်ဖို့လောက်ပဲရတော့တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ယင်းမြို့နယ်အတွင်းရှိ ဒန့်ဒလွန်ကျေးရွာတွင် စက်ရေတွင်း၊ ရေစုကန်နဲ့ ပိုက်လိုင်းသွယ်တန်းတာတွေ ပြုလုပ်ဖို့အတွက် အလှူရှင်ရှာဖွေနေတာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ပန်းတောင်းမြို့နယ်နဲ့ မကွေးတိုင်းဒေသကြီးအစပ်အနားက ကုန်းတွင်းပိုင်းကျေးရွာအများစုမှာ ရေတွင်းရေကန်နဲ့ ချောင်းရေတို့ကိုသာ အသုံးပြုကြရပြီး နှစ်စဉ်ဆိုသလို ရေရှားပါးမှုတွေကြုံတွေနေရသလို ယခင်နှစ်တွေမှာလည်း အနီးနားမြို့ရွာတွေကနေ ရေလှူဒါန်းမှုတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်ပေးနေရတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10