ပန်းတောင်း၊ ထုံးဘိုနယ်မြေရဲစခန်းက အမျိုးသမီးရဲတပ်သား ၁ ဦး သေနတ်နဲ့ကျည်တွေယူပြီး ထွက်ပြေးသွား

ပန်းတောင်း၊ ထုံးဘိုနယ်မြေရဲစခန်းက အမျိုးသမီးရဲတပ်သား ၁ ဦး သေနတ်နဲ့ကျည်တွေယူပြီး ထွက်ပြေးသွား

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့နယ်မြေရဲစခန်းက  အမျိုးသမီးရဲတပ်သားတဦး လက်နက်၊ခဲယမ်းတွေယူဆောင်ပြီး စခန်းစွန့်ခွာထွက်ပြေးနေတယ်လို့ ပဲခူးအနောက်ခြမ်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ထွက်ပြေးနေတဲ့ ရဲတပ်သားအမျိုးသမီးဟာ ထုံးဘိုနယ်မြေရဲစခန်းအရှေ့ရှိ ကင်းဘန်ကာမှာ ကင်းတာဝန်ထမ်းဆောင်ရသူဖြစ်ပြီး စက်တင်ဘာ ၈ ရက် ညနေပိုင်းမှာ ကင်းတာဝန်ချိန်းပြီးတဲ့နောက် ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

“ပျောက်နေတာက ၈ ရက်လောက်ကတည်းက။ သိတာက ၉ ရက်နေ့မှ ပျောက်နေမှန်းသိတာ။  ကင်းတာ၀န်အလွှဲအပြောင်းလုပ်ပြီး သေနတ်တလက်နဲ့ ကျည်တွေယူပြီး ထွက်ပြေးသွားတာ။ ခုထိလည်း ရှာမတွေ့သေးဘူး" လို့ ပဲခူးတိုင်းအနောက်ခြမ်း ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါ တယ်။

ပဲခူးအနောက်ခြမ်းဒေသ နယ်မြေစခန်းတချို့မှာ အင်အားလိုအပ်ချက်တွေကြောင့် အမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေပါ ကင်းလုံခြုံရေးအတွက် ဝင်ရောက်တာဝန်ယူနေရတယ်လို့လည်း သိရပါတယ်။

ထွက်ပြေးနေတဲ့ ရဲတပ်ဖွဲ့ဝင်အမျိုးသမီးနဲ့အတူ ၎င်းကိုင်ဆောင်တဲ့ MA 13(အူဇီ) သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခုနဲ့  ၉ မမ ကျည် ၁၀၀ တောင့်ဝန်းကျင် ယူဆောင်ထွက်ပြေးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ လက်နက်နဲ့အတူ ထွက်ပြေးလွတ်မြောက်နေတဲ့ အမျိုးသမီးရဲတပ်ဖွဲ့ဝင်ကို စစ်အုပ်စုဘက်က ထုံးဘိုနယ်မြေတဝိုက်အပါအဝင် နီးစပ်ရာမြို့နယ်တွေမှာ ပိတ်ဆို့ရှာဖွေနေတယ်လို့ သိရပါတယ်။

ပုံစာ - စက်တင်ဘာ ၈ ရက်က ပန်းတောင်းမြို့နယ်၊ ထုံးဘိုတိုက်နယ်ဆေးရုံအနီး စုပေါင်းသန့်ရှင်းရေးလုပ်နေသည့် အမျိုးသမီးရဲတပ်ဖွဲ့ဝင်များ။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ပန်းတောင်း #ထုံးဘို #နယ်မြေရဲစခန်း #အမျိုးသမီး #ရဲတပ်သား #ထွက်ပြေးမှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10