ပလဖကို ဆန္ဒပြသူတွေထဲက အမျိုးသမီး ၁ ဦးကို ဆားလင်းကြီး ပလဖအဖွဲ့က ရိုက်နှက်ပြီး သေနတ်နဲ့ပစ်

ပလဖကို ဆန္ဒပြသူတွေထဲက အမျိုးသမီး ၁ ဦးကို ဆားလင်းကြီး ပလဖအဖွဲ့က ရိုက်နှက်ပြီး သေနတ်နဲ့ပစ်

ဒေသခံ ၄၀ ကျော်ကို ဖမ်းဆီးထားတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့လုံခြုံရေး(ပလဖ) အလိုမရှိ ဆန္ဒပြသူတွေထဲက အမျိုးသမီး ၁ ဦးကို အဲဒီမြို့နယ် ပလဖ အဖွဲ့က လာရောက်ပြီး ရိုက်နှက်နှိပ်စက်ခဲ့သလို သေနတ်နဲ့ပစ်ပြီး ဖမ်းဆီးဖို့ကြိုးစားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆန္ဒဖော်ထုတ်ရာမှာ ခေါင်းဆောင်ပါဝင်ခဲ့တယ်ဆိုပြီး ဆားထုံးရွာက အမျိုးသမီး ၁ ဦးကို ပလဖ အဖွဲ့က ယနေ့ မတ် ၉ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့်မှာ နေအိမ်ကို လာရောက်ပြီး မေးမြန်း လက်ထိပ်ခတ်တာ၊ သေနတ်ဒင်နဲ့ ထုတာအပြင် လာရောက်ဖမ်းဆီးတဲ့ ပလဖ ရဲမေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာ ပါလာတဲ့ ရဲဝတ်စုံနဲ့ ပြောက်ကျားဝတ် သေနတ်ကိုင် အမျိုးသားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

"ရဲအဖွဲ့တို့ တရားရေး၊ အကုန်လုံးကဝိုင်းလာတာ။ ဆားလင်းကြီးမြို့နယ် ပလဖက အနည်းဆုံး မိန်းကလေး ၃ ယောက်ပါတယ်။ ကား ၃ စီးနဲ့ တော်တော်များများ အမျိုးသား ၁၀ ယောက်ကျော်ပါတယ်။ ရဲဝတ်စုံတွေ၊ ပြောက်ကျားဝတ်စုံတွေနဲ့ မိန်းကလေး ၃ ယောက်ပါတယ်။" လို့ ရွာခံအမျိုးသမီး ၁ ဦးကပြောပါတယ်။

ဆန္ဒပြသူ အမျိုးသမီးကို ရဲမေ ၁ ဦးက ကိုယ်ထိလက်ရောက် ပါးရိုက်တာ၊ အဖမ်းခံရသူ အမျိုးသမီးက ပြန်လည်တုန့်ပြန်ချိန်မှာတော့ ပါလာတဲ့ သေနတ်ကိုင်အမျိုးသားတွေက ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုမှာ ဖမ်းဆီးခံရသူအမျိုးသမီးနဲ့ မိသားစုဝင်က ခေါင်းငုံ့လိုက်လို့ မထိမှန်ပေမယ့် နေအိမ် ဘုရားစင်နဲ့ အကာအရံတွေ ကျည်ထိမှန်ပြီး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

"မနေ့ညတုန်းကလည်းအဲလိုပဲ ၂ ယောက်ကိုဖမ်းမယ်ဆိုလို့ တရွာလုံးကမအိပ်ဘဲ စောင့်နေကြတာ။ ညကျတော့ လူတွေစောင့်နေမှန်းသိလို့ ညမဝင်ဘူး မနံနက် ၁၀ နာရီထိုးမှာဝင်တယ်" လို့ မျက်မြင် အမျိုးသမီးတဦးက ပြောပါတယ်။

သေနတ်ဒင်နဲ့ ထုခံရတဲ့အတွက် ဆန္ဒပြသူအမျိုးသမီးမှာ ခေါင်း ၃ ချက်ချုပ်လိုက်ရတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် လာရောက်ဖမ်းဆီးသူတွေဟာ ပစ်မိန့်ပါတယ်လို့လည်း ပြောဆိုသွားတယ်လို့ ပြောပါတယ်။

ဖမ်းဆီးဖို့ ကြိုးစားနေချိန်အတွင်း ရွာခံတွေက ဝိုင်းလာလို့ ပလဖအဖွဲ့ဟာ ညနေ ၃ နာရီခန့်မှာ မည်သူ့ကိုမှ မဖမ်းဘဲ ပြန်ဆုတ်သွားပြီး ဖမ်းဆီးထားသူတွေကိုလည်း ညနေပိုင်းမှာ ပြန်လွှတ်ပေးမယ်လို့ ဆိုပေမယ့် ည ၇ နာရီထိ မလွှတ်ပေးသေးဘူးလို့ မြေလတ်အသံက မေးမြန်းခဲ့သူက ညနေ ၆ နာရီခွဲခန့် မှာ ဖြေဆိုပါတယ်။

အလားတူ အခြားဆန္ဒပြသူတွေကိုလည်း လိုက်လံမေးမြန်းတာ ဖမ်းဆီးတာနဲ့ သေနတ်ပစ်ဖောက်ပြီး ဝင်ရောက်တာ မေးမြန်းတာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆားလင်းကြီးနယ်က နေအိမ်တွေမီးရှို့ဖျက်ဆီးခံထားရတဲ့ ပြည်သူတွေဟာ နေထိုင်စားသောက်ဖို့ခက်ခဲလာတာကြောင့် မတ် ၅ ရက်က ဆားလင်းကြီးမြို့အထွက် စက်မှု (၁) (ယခင်က စစ်ကောင်စီအထိုင်ချထားတဲ့နေရာ) စက်ရုံထဲကနေ သံတိုသံစတွေနဲ့ အခြားစက်ပစ္စည်းတွေကို ရောင်းချဖို့အတွက် သွားရောက်ယူဆောင်ချိန်မှာ ပလဖရဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။

အဲဒီလိုဖမ်းဆီးခံရသူတွေထဲမှာ ၄ လသားအရွယ် ကလေးရဲ့ မိခင်နဲ့ ဖခင်လည်း ပါဝင်ခဲ့ပြီး ငွေနဲ့ပြန်ရွေးရမယ်ဆိုရင်လည်း ပြန်ရွေးမယ်လို့ ပြောဆိုပေမယ့် ပလဖ က ပြန်လွှတ်မပေးလို့ ဒေသခံတွေက ဆန္ဒပြခဲ့တာကြောင့် အခုလို ရိုက်နှက်ပစ်ခတ်ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆားလင်းကြီး ပလဖ ကို မြေလတ်အသံသတင်းဌာနက အကြိမ်ကြိမ် ဖုန်းဆက်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

ပုံစာ - ဆားလင်းကြီး ပလဖ အလိုမရှိဆန္ဒဖော်ထုတ်ခဲ့ကြသည့် ဒေသခံအမျိုးသမီးများကို မတ်လ ၈ ရက်နေ့ကတွေ့ရစဉ်။

သတင်း - မြေလတ်အသံအဖွဲ့

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဆားလင်းကြီး #ဒေသခံပြည်သူလူထု #ဖမ်းဆီးခံရ #ပလဖ #အမျိုးသမီး #ကလေးသူငယ် #မိခင်နဲ့ကလေး #နှိပ်စက်မှု #ဆန္ဒဖော်ထုတ် #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10