ပလဖတပ်ဖွဲ့ဝင်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ၇ တန်းကျောင်းသားအတွက် အမှုမှန်ပေါ်ပေါက်ရန် မိသားစုတောင်းဆို

ပလဖတပ်ဖွဲ့ဝင်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ၇ တန်းကျောင်းသားအတွက် အမှုမှန်ပေါ်ပေါက်ရန် မိသားစုတောင်းဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ ဝဲကြီးရွာဘုန်းကြီးကျောင်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်က ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ ၁၄ နှစ်အရွယ် အလယ်တန်းကျောင်းသားအတွက် အမှုမှန်ပေါ်ပေါက်စေလိုတယ်လို့ သေဆုံးသူရဲ့မိသားစုဝင်တွေက ပြောပါတယ်။

သေဆုံးသူမှာ  ဒီပဲယင်းမြို့နယ်၊ ညောင်လှစံပြကျေးရွာနေ Grade 7 တက်ရောက်နေသူ အသက် ၁၄ နှစ်အရွယ် ကိုပြည့်ဖြိုးလှိုင် ဖြစ်ပြီး အာဇာနည်နေ့အကြို ကျောင်းသံချပ်ထိုးပွဲမှာလိုက်ပါသွားစဉ် အဆိုပါဘုန်းကြီးကျောင်းအတွင်းပစ်ခတ်ခံခဲ့ရကာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ အာဇာနည်နေ့အကြို အနီးနားရွာတွေမှာ လှည့်ပြီး သံချပ်လိုက်ထိုးတာ။ ဝဲကြီး(ရွာ)ရောက်တော့ သံချပ်အဖွဲ့လုံခြုံရေးလိုက်လာတဲ့ ပလဖအဖွဲ့ဝင်က ပစ်တာ” လို့ ဒီပဲယင်းအရှေ့ခြမ်း ပလဖတပ်ဖွဲ့ဝင်လည်းဖြစ်တဲ့ ကိုပြည့်ဖြိုးလှိုင်ရဲ့အကိုဖြစ်သူက ပြောပါတယ်။

ပစ်ခတ်ခဲ့သူမှာ ညောင်လှရွာပြည်သူ့လုံခြုံရေး(ပလဖ)အဖွဲ့ဝင်ဖြစ်သလို ဒီပဲယင်းမြို့နယ် အမှတ် ၁ ပလဖမှာ တာဝန်ထမ်းဆောင်နေတဲ့ ကိုထက်ပိုင်ဇော် ဖြစ်ပြီး မြို့နယ်ပလဖအဖွဲ့ဝင်တွေ၊ Local PDF အဖွဲ့ဝင်တွေဟာ  သံချပ်အဖွဲ့ဝင်တွေကို လုံခြုံရေးလိုက်လံဆောင်ရွက်ပေးစဉ် အခုလိုပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“ ပထမဆုံး ကျောင်းသားတွေ သေးပေါက်သွားကြတာ။ သေးပေါက်ပြီး အိမ်သာဘေးမှာ ထိုင်နေကြတာ။ ထက်ပိုင်ဇော်(ပစ်ခတ်သူ)က နောက်ကနေလိုက်သွားပြီး သေနတ်မောင်းခလုတ်ကိုနှိပ်ပြီးတော့ ပြောင်နေတာ။ ကျနော့်ညီ(သေဆုံးသူ)က သေနတ်နဲ့မပြောင်ကောင်းဘူး၊ သေတတ်တယ်လို့ ပြောပါတယ်။ ပြောင်နေတဲ့အချိန် (သေနတ်)မောင်းကောက်ချိန်ပြီး နားထင်ကိုထောက်ပြီး ပစ်သတ်လိုက်တာ” လို့  မျက်မြင်တွေပြောဆိုချက်ကို ကိုးကားပြီး ၎င်းက ရှင်းပြပါတယ်။

သေနတ်နဲ့အနီးကပ်ပစ်ခတ်ခံခဲ့ရလို့ ကိုပြည်ဖြိုးလှိုင်မှာ ဝဲဘက်မျက်လုံးအောက်ကနေ ယာဘက်နားရွက်အောက်ကို ကျည်ဖောက်ထွက်သွားခဲ့တာကြောင့် အခင်းဖြစ်နေရာမှာသေဆုံးခဲ့ပြီး ဖောက်ထွက်သွားတဲ့ ကျည်ဆန်က အခြားကျောင်းသားတဦးရဲ့ လက်မောင်းကိုပါထိမှန်ခဲ့ကာ အခင်းဖြစ်ပွားချိန်မှာ ကိုပြည့်ဖြိုးလှိုင်အပါအဝင် ကျောင်းသား ၆ ဦးခန့်ရှိတယ်လို့ သိရပါတယ်။

သေနတ်ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး မိသားစုဝင်တွေက ဒီပဲယင်းမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ထံ အမှုဖွင့်တိုင်ကြားထားပေမယ့် လက်ရှိအထိ ကျူးလွန်သူကို စစ်ဆေးမှုလုပ်ဆောင်တာ တကြိမ်သာရှိသေးပြီး အမှုမှန်ပေါ်ပေါက်တဲ့အထိ ဆောင်ရွက်စေချင်တယ်လို့ အကိုဖြစ်သူက ဆက်ပြောပါတယ်။

“ တိုင်ချက်ဖွင့်ပြီးတော့ အမှုစစ်တယ်။ ရက်လည်ပြီးတဲ့အချိန် မေးမြန်းစစ်ဆေးတာပါ။ အဲ့တခါ စစ်ပြီးကတည်းက ဘာတခုမှ သတင်းမရတော့ဘူး။ ဖြစ်ပြီးတဲ့နေ့မှာပဲ သူ့(ကျူးလွန်သူ)ကို ထိန်းသိမ်းထားတယ်လို့ ပြောတယ်။ ကျနော်တို့နဲ့လည်း မတွေ့ရဘူး။ ဝန်ကြီးဌာနကို တင်ထားတာက ကျည်ရှင်းရင်းနဲ့ထိသွားတာလို့ မဟုတ်မမှန် တင်ထားတယ်” လို့ ၎င်းက ပြောပါတယ်။

ကိုပြည့်ဖြိုးလှိုင်နဲ့ ကိုထက်ပိုင်ဇော်တို့ဟာ ရန်ငြှိုးရန်စရှိတာမျိုးမရှိပေမယ့် ပစ်ခတ်မှုဟာ ကျည်ရှင်းစဉ်ကျည်ထွက်သွားတာမဟုတ်ကြောင်း သေဆုံးသူရဲ့အကိုဖြစ်သူက ယူဆနေပြီး မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်တွေအရ မတော်တဆပစ်ခတ်မှုဖြစ်တာမျိုးမဟုတ်ဘူးလို့ ဆိုပါတယ်။

သေနတ်ပစ်ခတ်ခံရမှုနဲ့ပတ်သက်လို့ ဆောင်ရွက်နေတဲ့အခြေအနေတွေကို သိရှိနိုင်ရေး ဒီပဲယင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို မေးမြန်းရာမှာ အမှုမှန်ပေါ် ပေါက်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ ဒီပဲယင်းပအဖ တာဝန်ခံက ပြောပါတယ်။

ဖြစ်စဉ်ဖြစ်ပွားခဲ့မှုနဲ့ပတ်သက်ပြီး အခင်းဖြစ်ပြီးနောက်တရက် ဇူလိုင် ၁၉ ရက်မှာ  မြို့နယ်ပလဖ တာဝန်ခံ ၊ မြို့နယ်ရဲတပ်ဖွဲ့ မှူး၊ အမျိုးသမီးနဲ့ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့တာဝန်ခံ၊ ခရိုင်ရင်းမှူး၊ ပကဖ၊ ပလဖ၊ ညောင်လှကျေးရွာစာသင်ကျောင်းမှ ဆရာ၊ ဆရာမများ၊ ဒီပဲယင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့တို့ ပါဝင်တဲ့  အစည်းအဝေးတခုလုပ်ဆောင်ကာ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

“ အာဇာနည်နေ့အကြို ဇူလိုင် ၁၈ ရက်နေ့က ညနေ ၄ နာရီ ၁၀ မိနစ်လောက်မှာ ညောင်လှပလဖစခန်းတာဝန်ခံကနေ သတင်းပို့လာပါတယ်။ ပလဖရဲဘော်တဦးရဲ့ကျည်ထွက်သွားတော့ လူသေမှုဖြစ်တယ်ဆိုပြီး သတင်းရောက်လာတယ်။ ဖြစ်စဉ်ကို ကျနော်တို့အနေနဲ့ အမှုမှန်ပေါ်ပေါက်ရေးပေါ့။ ဖြစ်တာသည် NUGလက်အောက်ခံ ပလဖထဲက ဖြစ်တာဖြစ်တဲ့အခါကျတော့ ပြည်သူတွေရဲ့အမြင်မှာ သံသယတွေရှိသွားမှာစိုးလို့ အမှုမှန်ပေါ် ပေါက်ရေးအတွက် ဆောင်ရွက်ကြမယ်ဆိုပြီး အစည်းအဝေးမှာဆုံးဖြတ်ပြီးတော့ ပလဖကို ညွှန်ကြားထားခဲ့တယ်။ တရားခံကိုတော့ အချုပ်ထဲမှာထားပြီး လောလောဆယ်တော့ အမှုစစ်ဆေးဆဲကာလလို့ပဲ ကျနော်တို့ပြောလို့ရမယ်” လို့ မြို့နယ်ပအဖတာဝန်ခံက ပြောပါတယ်၊

အမှုနဲ့ပတ်သက်ပြီး မျက်မြင်သက်သေတွေအပါအဝင် လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“ အရေးယူဆောင်ရွက်မှုကတော့ မပြီးသေးဘူး။ အခုမှ ကျနော်တို့ အမှုတွဲတည်ဆောက်ပြီးတော့ လုပ်ငန်းစဉ်တွေလုပ်နေတုန်းပါ။ အမှုက ဥပဒေအကြံတောင်းဆီကို မရောက်သေးဘူးထင်တယ်။ ကျန်တဲ့ သက်သေတွေစစ်နေတုန်းလို့ ထင်ပါတယ်” လို့ ဆိုပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ဒီပဲယင်း #ပလဖ #ပစ်ခတ် #ကျောင်းသား #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10