သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းတိုက်နယ်အတွင်းက ကျေးရွာတွေမှာ ဆည်ရေမရတာနဲ့ မိုးရွာသွန်းမှုနည်းပါးတာကြောင့် စိုက်ဧက ၇၀၀၀ ကျော်မှာ မိုးစပါးစိုက်ပျိုးဖို့ အခက်တွေ့နေတယ်လို့ ဒေသခံတောင်သူတွေထံက သိရပါတယ်။
မိုးရွာသွန်းမှုနည်းပါးတဲ့ ဝက်လက်ဒေသမှာ သဖန်းဆိပ်ဆည်ကလွှတ်တဲ့ရေကိုအမှီပြုကာ မိုးစပါးစိုက်ပျိုးရတာဖြစ်ပြီး လက်ရှိမှာ ရွှေဘိုနဲ့ဝက်လက်နယ်အတွင်း အထက်ဘက်ကျတဲ့ကျေးရွာတွေက ဆည်ရေကိုအဆင့်ဆင့်ပိတ်ကာရေသွင်းစိုက်ပျိုးနေတာကြောင့် ဆည်နဲ့ဝေးကွာတဲ့ ရွှေပန်းကုန်းတိုက်နယ်အတွင်း ကျေးရွာတွေမှာ စိုက်ပျိုးရေမရရှိတာလို့ ဆိုပါတယ်။
"သူတို့ကလျှံကျလာတဲ့ရေမှ ကျနော်တို့ဘက် ရောက်လာတာဆိုတော့ ခုအချိန်မှာ ပျိုးခင်းအတွက် ရေတင်ဖို့တောင် အခက်အခဲဖြစ်နေတာ။ အရင်နှစ်တွေကဆို ဒီအချိန်စိုက်နေကြပြီ။ ခုကလယ်ကွက်ထဲကို ရေကဘယ်လိုမှတင်လို့မရသေးဘူး"လို့ လှပင်ကျေးရွာတောင်သူတဦးက မြေလတ်အသံကို ပြောပါတယ်။
ရေမရတာကြောင့် ရွာတော်၊ တအုံ၊ ဘိစပ်ကုန်း၊ ရွှေအိုးကြား၊ လှဒွေ၊ သာစည်၊ မင်းရွာ၊ ကျောက်ကုန်း၊ သရက်ချို၊ ဒီလုံးဘို၊ သပျောက်ကုန်း၊ ရေတွင်းကုန်း၊ အုန်ပုံးကြီး စတဲ့ ကျေးရွာတွေက လယ်စိုက်ဧက ၇၀၀၀ ကျော်မှာ စိုက်ပျိုးနိုင်ဖို့ အခက်တွေ့နေတာပါ။
လက်ရှိဝက်လက်ဒေသမှာ မိုးရွာသွန်းမှုနည်းပါးလို့ ဆည်ရေကိုသာ စောင့်ဆိုင်းနေရတာကြောင့် စိုက်ပျိုးချိန်နောက်ကျနေကာ အချိန်မီမစိုက်ပျိုးနိုင်ပါက တောင်သူတွေအတွက် စားဝတ်နေရေးအခက်အခဲဖြစ်လာနိုင်ပြီး ဆောင်းသီးနှံတွေစိုက်ပျိုးဖို့အတွက်လည်း ခက်ခဲသွားနိုင်တယ်လို့ သိရပါတယ်။
“ဆည်ရေကလည်းအလုံအလောက်မရတော့ ထယ်ရေးထိုးထားပြီး ရေမသွင်းနိုင်သေးဘူး။ ပျိုးခင်းတွေ အတွက်ရေတင်ဖို့တောင် ရေမရတော့ မျိုးစပါးတွေမှာထင်သလောက်မသန်မာဘဲ ရှင်သန်ကြီးထွားနှုန်းတွေလျော့နေတယ်” လို့ အထက်ပါတောင်သူက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်မိုးစပါးစိုက်ရာသီအထိ ဆည်ရေကိုအဆင်ပြေစွာရရှိခဲ့ပေမယ့် အခုနှစ်မှာ အထက်ဘက်ကျေးရွာတွေရဲ့တာဝန်ရှိသူတွေက ဆည်ရေကို အဆင့်ဆင့်ပိတ်ဆို့ထိန်းချုပ်ထားကြလို့ ရေရှိဖို့ခက်ခဲနေတာလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
“ရွှေပန်းကုန်းကို ရေရောက်ဖို့က မူး(ရေသွယ်မြောင်း) က ၂ခုရှိတယ်။ ၁ ခုကို စိုင်နိုင်ကွေးနားမှာ စကစကပိတ်ထားတာရယ်။ နောက်မြောင်းတခုကကွေ့ ပတ်စီးတာဆိုတော့ အထက်ရွာတွေက အဆင့်ဆင့်ပိတ်ပြီးလုပ်နေတာ။ ရစ်ကြီးကုန်းနဲ့သားနား(ရွာ)နားမှာလည်း ပိတ်ထားတယ်။ အဲ့ဒီရွာက ပကဖတွေကို ရေလွှတ်ပေးဖို့ညှိနှိုင်းတော့၊ တပတ် ၄ ရက်ပေးမယ်ပြောပြီး မပေးဘူး။ သူတို့ချင်းအဆင်မပြေတာနဲ့ ရေမရတာ" လို့ နောက်ထပ်ရွှေပန်းကုန်းတိုက်နယ်တောင်သူတဦးက ပြောပါတယ်။
ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုနေမျိုးအောင်ကတော့ ဆည်နဲ့ဝေးတဲ့ ရွှေပန်းကုန်းတိုက်နယ်အတွင်း ရွာတွေကို ဆည်ရေမရောက်ရှိတဲ့အကြောင်း အခုလိုရှင်းပြပါတယ်။
"ဆည်ရေက ရွှေဘိုပြီးမှ ဝက်လက်ကိုစီးတာ။ ရွှေဘိုထဲက ပျူရွာတွေက ရေမြောင်းတွေကို သူတို့လုပ်ချင်သလို လုပ်နေတာ။ ရွှေပန်းကုန်းက မူးအဖျားဆိုတော့မရတာများတယ်။ အရင်တည်းကမိုးအားကိုးပြီးစိုက်ရတာ။ နောက်တခုက စိုင်နိုင်ကွေ့ကျေးရွာနားမှာ စကစတပ်တွေ ဂိတ်ထိုင်ထားတာရှိတယ်။ အဲဒီကရေမြောင်းကို သဲအိတ်တွေနဲ့စကစဘက်ကပိတ်ထားတယ်။ အဲဒါကြောင့် အောက်ဘက်တွေ ရေမရတာပါ။ ကျနော်တို့ ကျေးရွာပကဖ၊ ပအဖတွေကပိတ်ထားတာမဟုတ်ပါဘူး"လို့ သူကပြောပါတယ် ။
ပုံစာ - ရွှေဘိုခရိုင်းအတွင်း ယမန်နှစ်၂၀၂၃ က မိုးစပါးစိုက်ပျိုးနေစဉ်။( ဓာတ်ပုံ - စစ်ကောင်စီ)
စာတည်း- ဟိန်းစံ။
#မြေလတ်အသံ
Share Share Share