"ပ" သုံးလုံးမှန်ကန်ရေး လူထုအားနဲ့ထိန်းကျောင်းဖို့ ပြောလိုက်တဲ့ သပိတ်ဦးဆောင်ကော်မတီဝင်

"ပ" သုံးလုံးမှန်ကန်ရေး လူထုအားနဲ့ထိန်းကျောင်းဖို့ ပြောလိုက်တဲ့ သပိတ်ဦးဆောင်ကော်မတီဝင်

"ပ"သုံးလုံးလို့ အတိုကောက်ခေါ်ဝေါ်ကြတဲ့ ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)၊ ပြည်သူ့ကာကွယ်ရေး(ပကဖ)၊ ပြည်သူ့လုံခြုံရေး(ပလဖ) အဖွဲ့တွေရဲ့ လုပ်ငန်းစဉ်တွေနဲ့ လုပ်ဆောင်ချက်တွေ မှန်ကန်ဖို့အတွက် လူထုအားနဲ့ ထိန်းကျောင်းပေးဖို့ လိုအပ်တယ်လို့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီဝင် ကိုလွမ်းသူက ဆိုပါတယ်။

"ဒါတွေသည် ပြည်သူ့ထဲက ပေါက်ဖွားလာတဲ့ အဖွဲ့တွေဖြစ်ပါတယ်။ သို့သော်လည်း NUG ကိုယ်တိုင်က ရပ်ကျေးအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့် ဖွဲ့စည်းပုံတွေနဲ့ဖွဲ့စည်းပေးခဲ့ပေမယ့် နောက်ကွယ်က တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြပ်ကြပ်မတ်မတ် ထိန်းကျောင်းဖို့ အားနည်းတဲ့အခါမှာ မြေပြင်မှာ လုပ်မှားကိုင်မှား ဆောင်ရွက်မှုအမှားလေးတွေ ရှိနေတာဖြစ်ပါတယ်။" လို့ သူကပြောပါတယ်။

ဆက်လက်ပြီး ကိုလွမ်းသူ က "အဲတော့ အဲဒီဟာတွေကို လွှတ်ထားလို့ သူတို့ကတော့ ပအဖမို့ကြောက်နေရတာ ပလဖမို့ဒါမျိုးမဟုတ်ဘဲ သူတို့တွေ မှန်ကန်လာအောင် ထိန်းကျောင်းရမှာ။ သူတို့လုပ်တဲ့အလုပ်တွေ လုပ်ငန်းတွေမှာ မှန်နေရင်လည်း ပူးပေါင်းဝန်းရံဖို့လိုတယ် မှားနေတဲ့အလုပ်ဆိုရင်လည်း ဒါလေးတော့ မလုပ်သင့်ဘူး ဒါလေးတော့ ဒီလိုဖြစ်သင့်တယ်ဆိုတာ ပြည်သူလူထုက မှန်ကန်ဖို့ ထိန်းကျောင်းဖို့ပြောရမှာ ဖြစ်တယ်။" လို့ ဆိုပါတယ်။

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ရဲ့ ၃ နှစ်မြောက်နေ့အဖြစ် ယမန်နေ့ မတ် ၈ ရက်က ယင်းမာပင်မြို့နယ်တနေရာမှာ "လူထုမပါကတော်လှန်ရေးမအောင်" ဆိုတဲ့ ခေါင်းစည်းနဲ့ လှည့်လည်ခဲ့ကြပြီး လူထုဟောပြောမှုတွေလည်း ပြုလုပ်ရာမှာ ကိုလွမ်းသူက အခုလိုပြောဆိုခဲ့တာပါ။

လှည့်လည်ရာမှာ "တော်လှန်ရေးအပေါ် အမြတ်ထုတ်သူမှန်သမျှ လူထုအားနဲ့ဆန့်ကျင်ကြ" "တော်လှန်ရေးအင်အားစုများ ညီညွတ်ရေး လူထုအားနဲ့တွန်းအားပေး" " ပ သုံးလုံးတို့မှန်ကန်ရေးလူထုအားနဲ့ ထိန်းကြောင်းပေး" " သပိတ်အင်အားစုများလူထုနဲ့အတူ ရပ်တည်သွား" အစရှိတဲ့ ကြွေးကြော်သံဆိုင်းဘုတ်တွေကို ကိုင်ဆောင်ကာ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ ယင်းမာပင်တင်မဟုတ်ပါဘူး ဒေသတော်တော်များများကို ပတ်သွားပါတယ်။ ပတ်သွားတဲ့အခါမှာ ပြဿနာတွေက အတူတူပဲ။ အဓိကဘာကိုတွေ့သလဲဆိုတော့ ပသုံးလုံး မညီညွတ်တာ အဆင်မပြေတာ ဒီလိုပြောလို့ ပအဖ အားလုံး ပကဖ အားလုံး ပလဖ အားလုံးမကောင်းဘူးလို့ မမှန်ဘူးလို့ ပြောနေတာမဟုတ်ဘူး။ တကယ်ကို စနစ်တကျနဲ့ မှန်မှန်ကန်ကန် ဦးဆောင်မှုနဲ့ လုပ်နေတဲ့ ရပ်ကျေး၊ မြို့နယ်၊ ခရိုင်အဆင့် ခေါင်းဆောင်တွေလည်း အများကြီးရှိပါတယ်။ အားနည်းနေတာတွေကလည်း အများကြီးတွေ့တယ်။ ဒေသအနှံ့ကိုသွားတဲ့အခါမှာ အားနည်းချက်တွေကို ပိုမိုလို့ပြုပြင်နိုင်ဖို့အတွက် ဒါကို ထွက်ရှိလာခြင်းဖြစ်တယ်။" လို့ ကိုလွမ်းသူကပြောပါတယ်။

ဒါ့အပြင် အဲဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် လူထုတွေက ဝိုင်းဝန်းတွန်းအားပေး တည့်မတ်ရမှာဖြစ်ပြီး တရက်တမနက်တည်း မဟုတ်ဘဲ နေ့စဉ်ဆိုသလို မိမိတို့ဒေသတွေမှာ တွန်းအားပေးဖို့ လိုတယ်လို့ ပြောပါတယ်။

"ပအဖ ပလဖ အချင်းချင်းမတည့်တာ၊ ပြည်သူနဲ့မတည့်တာ လက်နက်ကိုင်အချင်းချင်းမတည့်တာ မညီညွတ်တာ ဒေသအနှံ့ဒီပြဿနာတွေချည်းပဲ။ ဒါပေမယ့်ကျနော်တို့က ပြဿနာပြီးပြဿနာ ဒီပြဿနာကို ပြောနေရင် အဲဒီပြဿနာတွေကို ဖြေရှင်းဖို့မထွက်လာဘူး။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ကတော့ လူထုအနေနဲ့ အုံကြွမှုတွေကနေ ဒီစာသားတွေနဲ့ ဒီနေ့ဒီရက်မှာတင်ထွက်ဖို့မဟုတ်ဘူး။ နောက်နေ့နောက်နေ့တွေမှာလည်း ကိုယ်ရပ်ကိုယ့်ဒေသကနေ သပိတ်စစ်ကြောင်းတွေရှိရင် ဒီစာသားတွေကို ကိုင်ဆွဲပြီးတော့မှာ ထွက်ပြီးတော့ ကျနော်လိုအပ်နေတဲ့ အင်အားစုတွေကိုထိန်းကျောင်းတည့်မတ်ပါ" လို့ ကိုလွမ်းသူ ကပြောပါတယ်။

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ၃ နှစ်ပြည့်လှည့်လည်တဲ့နေ့မှာပဲ ၄ လသားကလေးမိခင်အပါ ဒေသခံ ၄၀ ကျော်ကို ဖမ်းဆီးထားတဲ့ ဆားလင်းကြီးပလဖကိုဒေသခံတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ယနေ့ မတ် ၉ ရက်အထိ ညှိုနှိုင်းမှု မပြေလည်သေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပအဖ #ပလဖ #ပကဖ #ယင်းမာပင် #ဆားလင်းကြီး #ဒေသခံ #ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ #ဆန္ဒဖော်ထုတ် #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10