ပိတောက်ကုန်းရွာတိုက်ပွဲမှာကျဆုံးတဲ့ ရဲဘော် ၃ ဦးရဲ့ ဈာပန ပြုလုပ်ပြီးစီး

ပိတောက်ကုန်းရွာတိုက်ပွဲမှာကျဆုံးတဲ့ ရဲဘော် ၃ ဦးရဲ့ ဈာပန ပြုလုပ်ပြီးစီး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းကျေးရွာတိုက်ပွဲမှာ တိုက်ပွဲကျသေဆုံးခဲ့တဲ့ ရဲဘော် ၃ ဦးရဲ့ ဈာပနပြုလုပ်ပြီးစီးကြောင်း ရေတာရှည်အခြေစိုက် ပုဝါနီစစ်ကြောင်းက နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကျဆုံးရဲဘော်တွေဟာ ပုဝါနီစစ်ကြောင်း(ခွဲ ၃၊ ၄)မှ အသက် ၂၀ နဲ့ ၂၆ နှစ် အကြားရှိ ရဲဘော် ဒေဝ၊ ရဲဘော် အကြီးကောင်နဲ့ ရဲဘော် ဦးကျော်တို့ဖြစ်ပြီး ဈာပနကိုတော့ နိုဝင်ဘာ ၁၇ ရက် နဲ့ ၁၈ ရက်တွေမှာ လုံခြုံတဲ့နေရာမှာ ပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

"တယောက်က ၄၀ မမ မှန်သွားတာ။ နောက်တယောက်ကျတော့ သူပစ်ကိုယ်ပစ်ရင်း ကျည်မှန်တာ။ နောက်တယောက်ကျတော့ စကစဘက်က လေယာဥ်နဲ့ပစ်တဲ့အချိန်မှာ ထိသွားတာ။ ကျသွားတဲ့ ရဲဘော် ၃ ယောက်စလုံးက လိမ္မာတဲ့ကလေးတွေ။ သက်ဆိုင်ရာအဖွဲ့အတွက်လည်း အားကိုးရတဲ့သူတွေ ဖြစ်တယ်" လို့ ရေတာရှည်ပကဖတာဝန်ရှိသူက မြေလတ်အသံကိုပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက်မှာ ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းကျေးရွာအနောက်ဘက် အင်တိုင်းတောနဲ့ ကျေးရွာစာသင်ကျောင်း၊ ဘုန်းကြီးကျောင်းဝန်းကျင်အနီး အင်အား ၁၅၀ ပါ ခလရ ၈၄၊ ခလရ ၁၉  ပူးပေါင်းစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပူးပေါင်းတပ်ဖွဲ့တွေအကြား မနက် ၆ နာရီခန့်မှ ညနေ ၄ နာရီခွဲအထိ တနေကုန်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကလည်း ခလရ ၈၄ တပ်ရင်းမှ ဗိုလ်ကြီးလှမျိုးသူ အပါအဝင် စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးကာ အများအပြားဒဏ်ရာရခဲ့တယ်လို့ PDF သတင်းရင်းမြစ်တွေထံက သိရပါတယ်။

စစ်ကောင်စီဘက်က အကျအဆုံးများတဲ့အတွက် လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းပစ်ကူတွေကို တနေကုန် အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။ 

အထက်ပါ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပုဝါနီစစ်ကြောင်း၊ ကီကူးစစ်ကြောင်း၊ နေပြည်တော်ရိုးမစစ်ကြောင်း၊ ၃၅၀၁ တပ်ရင်းမှ တပ်ခွဲ ၃ / ၄၊ သံတောင်မြောက်ပိုင်း အထူးဒေသစစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ တော်လှန်ရေး ရဲဘော် ၃ ဦးသေဆုံးပြီး ရဲဘော် ၈ ဦး မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။  

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #ပုဝါနီစစ်ကြောင်း #ပိတောက်ကုန်းရွာတိုက်ပွဲ #PDF #၃ဦးကျဆုံး #လေကြောင်း ပစ်ခတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10