"ပုဂံပြည်ဘီလူးတပ်" အမည်ကိုသုံးပြီး ညောင်ဦးဒေသခံတွေကို ခြိမ်းခြောက်ငွေတောင်းမှုတွေရှိနေ

"ပုဂံပြည်ဘီလူးတပ်" အမည်ကိုသုံးပြီး ညောင်ဦးဒေသခံတွေကို ခြိမ်းခြောက်ငွေတောင်းမှုတွေရှိနေ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်အတွင်းမှာ အခြေပြုလှုပ်ရှားနေတဲ့ “ပုဂံပြည်ဘီလူးတပ်” ရဲ့ တပ်ဖွဲ့ အမည်ကိုသုံးပြီး ဒေသခံတွေဆီကနေ ခြိမ်းခြောက်ငွေတောင်းခံတာတွေကို အမည်မသိလူတစုက ပြုလုပ်နေတယ်လို့ အဲ့ဒီအဖွဲ့က ပြောပါတယ်။

စက်တင်ဘာလ ၂၃ ရက်ကစပြီး ညောင်ဦး - ကျောက်ပန်းတောင်းကားလမ်း၊ ကျောက်ပန်းတောင်း -လက်ပံပြားကားလမ်း စတဲ့ကားလမ်းပိုင်းတွေက ဘေးတလျှောက်ရှိ စားသောက်ဆိုင်၊ ထန်းရည်ဆိုင်ပိုင်ရှင်တွေကို ဖုန်းဆက်ပြီး ခြိမ်းခြောက်ငွေတောင်းခံနေတာလို့ ဆိုပါတယ်။

"နာမည်ကြီးတဲ့ဆိုင်တွေကို ငါတို့ကပုဂံဘီလူးကပေါ့။ ခင်ဗျားတို့စကစနဲ့ပူးပေါင်းပြီးလုပ်နေတာ သတင်းအတိကျရတယ်။ ဒါ့ကြောင့် ၃ ရက်အတွင်း ငွေ ၃ သိန်းပေးရမယ်။ မပေးရင် ဆိုင်ကိုဗုံးခွဲမယ်ဆိုပြီးတော့  ဖုန်းဆက်ငွေတောင်းတာ" လို့ ပုဂံပြည်ဘီလူးတပ် (Bagan Ogre Force) တာဝန်ခံ ကိုဇီးကွက်က မြေလတ်အသံကို ပြောပါတယ်။

အလားတူ စက်တင်ဘာပထမအပတ်အတွင်း ညောင်ဦးမြို့နယ်၊ ငါ့သရောက်တိုက်နယ်မှာ အဆိုပါအဖွဲ့ အမည်ကိုသုံးပြီး ဒေသခံတွေကိုဓားပြတိုက်တာတွေရှိခဲ့ကာ အခုလိုလုပ်နေတဲ့လူတစုဟာ ဘယ်သူတွေဆိုတာမသိရသေးပေမယ့် အဖွဲ့အစည်းနဲ့လူထုအကြား အထင်အမြင်လွဲမှားစေဖို့ စစ်ကောင်စီဘက်က လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

"ညောင်ဦးခရိုင်အတွင်းမှာ ကျနော်တို့အဖွဲ့တဖွဲ့ကပဲ အဓိကလှုပ်ရှားနေတာဖြစ်လို့ စကစတွေက ပြည်သူနဲ့သွေးကွဲအောင်လုပ်နေတာ။ ကျနော်တို့စခန်းကိုပြနိုင်တဲ့သူကို သိန်း ၁၀၀ ပေးမယ်ဆိုပြီး သတင်းဖြန့်ထားတာရှိတယ်"လို့ ကိုဇီးကွက်က ပြောပါတယ်။

ပုဂံပြည်ဘီလူးတပ်(Bagan Ogre Force)ဟာ ညောင်ဦးမြို့နယ်ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) လည်းဖြစ်ပြီး အဖွဲ့စတင်တည်ထောင်ချိန်ကစလို့ ပြည်သူတွေဆီက ငွေကြေးတောင်းခံတာတွေ လုံးဝမရှိခဲ့သလို နောင်လည်းတောင်းယူမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ ပုဂံပြည်ဘီလူးတပ်အနေနဲ့ ညောင်ဦးခရိုင်အပြင်  စစ်ကိုင်းတိုင်းထဲက မြို့နယ်တခုမှာလည်း တပ်ဖွဲ့ဝင်တွေကိုဖြန့်ကျက်ထားကာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး တိုက်ပွဲတွေဖော်ဆောင်လျှက်ရှိတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ညောင်ဦးခရိုင် #PDF #ပုဂံပြည်ဘီလူးတပ် #ခြိမ်းခြောက်ငွေတောင်း #စစ်ကောင်စီ #လုပ်ဆောင်မှု #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10