ပုဂံမှာ အပူချိန်မြင့်မားလို့ သေဆုံးသူတွေရှိနေပြီး ၁ ရက်ကို ၄ နာရီခန့်သာ လျှပ်စစ်မီးရရှိ

ပုဂံမှာ အပူချိန်မြင့်မားလို့ သေဆုံးသူတွေရှိနေပြီး ၁ ရက်ကို ၄ နာရီခန့်သာ လျှပ်စစ်မီးရရှိ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသဟာ နေ့အပူအချိန် ၄၄ ဒီဂရီစင်တီဂရိတ်ထိရှိနေပြီး ကမ္ဘာ့အပူဆုံးမြို့များစာရင်းမှာလည်း ဆက်လက်ရပ်တည်နေပါတယ်။

အပူချိန်မြင့်မား(Heat stroke)ရာကနေ သတိလစ်မူးလဲတာတွေနဲ့ သေဆုံးမှုတွေထိ သက်ကြီးရွယ်အိုတွေ ဖြစ်နေတယ်လို့ ပုဂံမြို့ခံတွေက ပြောပါတယ်။

"ဒီရက်ထဲမှာ တနေ့တယောက်လောက်ကို ဆုံးနေတာ။ လူကြီးတွေ သေကြတယ်။ အပူချိန်ပြင်းတော့ လူကြီးပိုင်းတွေ ပိုပြီးနေရခက်ကြတယ်။ မနက်လင်းကတည်းက မြေကြီးကိုရေရွှဲအောင်ဖျန်းပေးထားတာ နေရတာ သက်သာသေးတာပေါ့။ စိတ်ကတော့ မလန်းဆန်းဘူးပေါ့။ အလိုလိုဒေါသတွေကြီးနေတာ ညကျမီးမလာ၊ ငရဲပါပဲ။" လို့ ပုဂံမြို့ခံတဦးကပြောပါတယ်။

အပူချိန်မြင့်မားနေပေမယ့်လည်း ပုဂံဒေသကို လျှပ်စစ်မီးတနေ့ကို အများဆုံး ၄ နာရီသာပေးထားပြီး အချိန်မှန်ပေးတာမျိုးမဟုတ်ဘူးလို့ ဆိုပါတယ်။ 

"ပါဝါဘန့်တွေ၊ ဖုန်းတွေလည်း အားသွင်းလို့မနိုင်တော့ဘူး။ ဆီကြိတ်စားတဲ့လူတွေလည်း အလုပ်ကိုင် မဖြစ်လို့ဘာလုပ်စားရမှန်းတောင် မသိတော့ဘူး" လို့ မြို့ခံတဦး ကပြောပါတယ်။

ဒါအပြင် အပူချိန်မြင့်မားတာကို သတိပေးတာ အပူရှောင်နေရာတွေ စီမံပေးတာမျိုးမရှိဘဲ ကျန်းမာရေးစောင့်ရှောက်မှုလည်း မပေးထားဘူးလို့ မြို့ခံတွေက ပြောပါတယ်။ 

ဘုရားစေတီနဲ့ နီးစပ်ရာနေထိုင်သူတချို့ကတော့ ဘုရားဝန်းတွေထဲမှာ အပူရှောင်ကြတာမျိုး ရှိတယ်လို့ ဆိုပါတယ်။

"အပူချိန်ကတော့ ကမ္ဘာမှာတောင်စံချိန်တင်တဲ့နေရာတွေဆိုတော့ အရမ်းပူတယ်။ မနက်ဆယ်နာရီလောက်ကနေ ခြောက်နာရီလောက်ထိ အပူဒဏ်မကျဘူး။ နေစရာ မရှိဘူး ထိုင်တဲ့ခုံတွေတောင်ပူတော့လေ။ မီးက လေးနာရီတခါလို့ပြောပေမယ့် ပေးချင်သလိုပေးနေတယ်ပြောရမယ်။ လူကြီးတချို့သေကြတယ် ဘယ်လိုနေကြလဲဆိုတော့ ဖြစ်သလိုကြည့်ကျတ်နေရတာပါပဲ" လို့ ပုဂံမြို့ခံအမျိုးသမီးတဦး ကပြောပါတယ်။

ဧပြီ ၂၇ ကနေ ၃၀ ရက်အထိ မြန်မာနိုင်ငံမှာ အပူဒဏ်ပိုမိုမြင့်မားလာမှုကို ခံစားရနိုင်ပြီး အဲဒီထဲကမှ မကွေးတိုင်းမှာ ၄၄ နဲ့ ၄၆ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းမှာ ၄၃ နဲ့ ၄၅ ဒီဂရီစင်တီဂရိတ်၊ ပဲခူးတိုင်းမှာ ၄၁ နဲ့ ၄၃ ဒီဂရီစင်တီဂရိတ်၊ မန္တလေးတိုင်းမှာ ၄၃ နဲ့ ၄၅ ဒီဂရီစင်တီဂရိတ်ကြားမှာ အပူချိန်ရှိနေမယ်လို့ မိုးလေဝသပညာရှင်တွေက ထုတ်ပြန် အသိပေးထားပါတယ်။

အပူချိန်မြင့်မားနေတဲ့အချိန်မျိုးတွေမှာ အပြင်မထွက်ဖို့၊ အပြင်ထွက်ဖို့လိုအပ်ပါကလည်း နေရောင်ခြည်တိုက်ရိုက်မထိတွေ့နိုင်ဖို့ ထီး၊ ဦးထုပ်ဆောင်းဖို့၊ ပေါ့ပါးချောင်ချိတဲ့ အဝတ်အစားအရောင်ဖျော့ဖျော့ဝတ်ဖို့၊ ရေများများသောက်ဖို့၊ နေပူထဲက ပြန်လာပြီး ချက်ချင်းရေချိုးတာ၊ ရေဖျန်းတာတွေမလုပ်ဖို့ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို နာမကျန်းဖြစ်နေသူတွေကို မကြာခဏစောင့်ကြည့်သတိထားဖို့၊ လေဝင်လေထွက် ကောင်းမွန်တဲ့နေရာတွေမှာ နေထိုင်ဖို့ လိုအပ်တယ်လို့ CDM ကျန်းမာရေးဆရာမတဦးက သတိပေးပြောကြားပါတယ်။

ဒါ့အပြင် အပူဒဏ်ကြောင့် ရုတ်တရက် သတိလစ်မူးလဲတာ၊ ကြွက်တက်တာ နဲ့ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်လာပါက တတ်ကျွမ်းတဲ့သူတွေနဲ့ ကျန်းမာရေးအသိရှိသူတွေက ရှေးဦးသူနာပြုစုနည်းတွေ ပြုလုပ်ပေးပြီး‌ ဆေးရုံဆေးခန်းနီးပါက အမြန်ဆုံးသွားကြဖို့၊ တက်စာနဲ့ သွေးတိုးစာတွေကို ရှောင်ကျဉ်ဖို့နဲ့ ရေခဲရေတွေကို အပူချိန်တအားမြင့်တက်နေချိန်မျိုးမှာ သောက်တာတွေ ရှောင်ကျဉ်ဖို့ကို ပြောပါတယ်။

ပုံစာ - ပုဂံနွေရာသီကို တွေ့မြင်ရစဉ် (ပုံဟောင်း)။ ဓါတ်ပုံ - ဝေလင်း

#မြေလတ်အသံ

#ပုဂံ #အညာ #အပူချိန် #စံချိိန်တင် #HeatStroke

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10