ပုဇွန်မြောင်းရွာထဲက နေအိမ် ၅၀ နီးပါးခန့်ကို စစ်ကောင်စီ မီးရှို့

ပုဇွန်မြောင်းရွာထဲက နေအိမ် ၅၀ နီးပါးခန့်ကို စစ်ကောင်စီ မီးရှို့

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်​မြောင်းကျေးရွာ၊ ဆွဲဒလွဲပိုင်းနဲ့ အောင်ချမ်းသာ ကွက်သစ်ပိုင်းက နေအိမ် ၅၀ နီးပါးခန့်ကို စစ်ကောင်စီဘက်က မီးတင်ရှို့လိုက်တယ်လို့ ဒေသကာကွယ်ရေးတပ်တွေထံက သိရပါတယ်။

အောက်တိုဘာ ၂ ရက်ညနေ ၆ နာရီခန့်ကစတင်ပြီး ကျေးရွာထဲက နေအိမ်တွေကို မီးလိုက်ရှို့နေရာ နေအိမ်တွေမီးလောင်နေတာကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

"မနေ့ညနေ မိုးချုပ်ကာနီးလောက်စပြီး မီးရှို့နေတာ မြင်နေရတယ်။ တော်တော်များများလည်း လောင်နေတဲ့ အခြေနေရှိတယ်။ နေအိမ်တလုံးကို မီးစရှို့ရာကနေ မီးကူးသွားတာ" လို့ မြေပြင် ဒေသကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က နေအိမ်တွေကိူ မီးရှို့ဖျက်ဆီးလို့ နေအိမ် ၅၀ နီးပါး မီးလောင်ပျက်စီးသွားနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့်ဟာ ပုဇွန်မြောင်းကျေးရွာအတွင်းမှာ ရှိနေပြီး တပ်စွဲထားသလို ဒေသကာကွယ်ရေးတပ်တွေကလည်း စောင့်ကြည့်နေတာကြောင့် နှစ်ဖက်စစ်ရေးဆိုင်ထားတဲ့အခြေနေမှာ ရှိနေပါတယ်။

ကျေးရွာထဲမှာ ဒေသခံပြည်သူတွေမရှိတော့တာကြောင့် စစ်ကောင်စီအဖွဲ့ဟာ နေအိမ်တွေက တန်ဖိုးရှိ ပစ္စည်းတွေနဲ့ ကျွဲ၊ နွားတွေကို ယူဆောင်ကာ ညောင်လေးပင်ဘက်ကို သယ်ယူနေတယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်ကလည်း ပုဇွန်မြောင်းကျေးရွာကို စစ်ကောင်စီတပ်တွေဝင်ရောက် မီးရှို့လို့ နေအိမ် ၁၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ ပါသေးတယ်။

မီးရှို့မှုမဖြစ်ပွားမီ အောက်တိုဘာ ၁ ရက် နေ့လယ် ၁၂ နာရီကျော်ခန့်က ပုဇွန်မြောင်းကျေးရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ဟာ ပုဇွန်မြောင်းကျေးရွာ၊ ပျဥ်ရေကျေးရွာနဲ့ ဝိုင်ကျေးရွာတို့ကို ဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက်လမ်းတွေကို ဖျက်ဖို့လာချိန် ခြုံခိုတိုက်ခိုက်ခံရလို့ ၁၀ ဦးခန့်သေဆုံးပြီး စစ်ကောင်စီသုံး သေနတ် ၁ လက်ကို ဒေသကာကွယ်ရေးတပ်တွေဘက်က ရခဲ့တယ်လို့ သိရပါတယ်။

ပုဇွန်မြောင်းကျေးရွာထဲမှာ စက်တင်ဘာ ၂၇ ရက်ကတည်းက စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေလို့ ဒေသခံ ၁၀၀၀ ကျော်ဟာ​ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကောင်စီ #မီးရှို့ #ပဲခူးတိုင်း #ညောင်လေးပင်မြို့နယ် #ပုဇွန်မြောင်း #ကျေးရွာချင်းဆက်လမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10