ပုဇွန်မြောင်းရွာ နေအိမ်တွေ ၇ ကြိမ်မြောက် မီးရှို့ခံရပြီး အိမ် ၄၀၀ ခန့်ဆုံးရှုံးသွား

ပုဇွန်မြောင်းရွာ နေအိမ်တွေ ၇ ကြိမ်မြောက် မီးရှို့ခံရပြီး အိမ် ၄၀၀ ခန့်ဆုံးရှုံးသွား

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာထဲက နေအိမ်တွေကို စစ်ကောင်စီဘက်က ၇ ကြိမ်မြောက် မီးထပ်ရှိုခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်က ကျေးရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့တွေက မီးထပ်ရှို့ရာမှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ နေအိမ် ၁၅ လုံးခန့်မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

"သိရသလောက်က ၂၈ ရက်ထိ ရှို့မယ်လို့ သိရတယ်။ သူတို့က အိမ်တွေထဲက ယူလိုရသလောက် ပစ္စည်းတွေယူပြီးရင် မီးရှို့တာ။ ခုနောက်ပိုင်းတခါရှို့ရင် လေးငါးလုံးရှို့ခံရတာ။ သူတို့မီးရှို့လို့ နေအိမ်တွေမီးလောင်နေတာကို ရွာပြင်ကနေ မြင်နေရတယ်"လို့ ဒေသခံတဦးက​ပြောပါတယ်။

ပုဇွန်မြောင်းကျေးရွာက နေအိမ်တွေဟာ ရွာလည်ပိုင်းလောက်ကလွဲရင် ရွာစွန်ပိုင်းတွေက ခြံဝင်းကျယ်တာကြောင့် နေအိမ်တွေမီးရှို့ခံရရင်တောင် မီးကူးစက်လောင်ကျွမ်းဖို့မလွယ်လို့ စစ်ကောင်စီဘက်က တအိမ်စီကို လိုက်ရှို့နေရတယ်လို့ ဆိုပါတယ်။

အခုအကြိမ်ပါဆိုရင် ပုဇွန်မြောင်းကျေးရွာက နေအိမ်တွေ မီးရှို့ခံရတာ ၇ ကြိမ်မြောက်ဖြစ်ပြီး စုစုပေါင်းနေအိမ် ၄၀၀ ဝန်းကျင်ခန့် မီးလောင်ပျက်စီးသွားပြီလို့ ဆိုပါတယ်။

ပုဇွန်မြောင်းကျေးရွာထဲမှာ ၂၀၂၃ စက်တင်ဘာလ ၂၇ ရက် ကတည်းကစတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ ခမရ  ၂၀က တပ်သားတွေအပါအဝင် အခြားတပ်တွေက ပူးပေါင်းအင်အား ၁၀၀ လောက်က ကျေးရွာထဲမှာ တပ်စွဲနေထိုင်နေခဲ့တာပါ။

ပုဇွန်မြောင်းကျေးရွာဟာ အိမ်ခြေ ၁၅၀၀ ကျော်ရှိပြီး လူဦးရေ ၄၀၀၀ ကျော်နေထိုင်တဲ့ရွာဖြစ်ပြီး ယခုအချိန်မှာတော့ စစ်ကောင်စီတပ်က ကျေးရွာထဲ တပ်စွဲထားလို့ နေထိုင်သူမရှိတော့ဘူးလို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်း #ညောင်လေးပင် #ပုဇွန်မြောင်းရွာ #မီးရှို့ခံရ #စစ်ကောင်စီ #ဒေသခံ #စစ်ဘေးရှောင် #နေအိမ်ဆုံးရှုံး #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10