ပုပ္ပါးတောင်ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ခုခံထွက်ပြေးလို့ ပစ်ခတ်ခဲ့တယ်လို့ဆို

ပုပ္ပါးတောင်ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ခုခံထွက်ပြေးလို့ ပစ်ခတ်ခဲ့တယ်လို့ဆို

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်ပေါ်ရှိ  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ၂ ဦးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ဆီက သိရပါတယ်။

ပုပ္ပါးတောင် MRTV အသံလွှင့်ဌာနမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဒီဇင်ဘာ ၂၇ ရက် မနက် ၆ နာရီလောက်မှာ ရုတ်တရက်တိုက်ခိုက်ခဲ့ပြီး ၁ ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

“ တောင်တက်ပွဲဆိုတော့ ပြည်သူတွေက အများကြီးပါ။ (ထွက်ပြေးသွားတဲ့သူကို)ကျနော်တို့တတွေအနေနဲ့ ပစ်ခတ်လိုက်မယ်ဆိုရင် ပြည်သူထိသွားမှာစိုးလို့ လွှတ်ပေးလိုက်ရတဲ့ အနေအထားပါ။” လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို MA 11 သေနတ် ၁ လက်၊ အူဇီသေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ခဲယမ်း ပစ္စည်းအချို့နဲ့အတူ သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်လာစဉ် တပ်ဖွဲ့ဝင်တွေကို ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူ စစ်ကောင်စီတပ်ဖွဲ့ဝင်၂ ဦးမှာ အရာခံဗိုလ်အဆင့်နဲ့ တပ်သားအဆင့်ရှိ ကျောက်ဆည်အခြေစိုက်စစ်ကောင်စီတပ်ကဖြစ်ပြီး ခုခံထွက်ပြေးလို့ ပစ်ခတ်ခဲ့ရာ ၂ ဦးလုံးသေဆုံးသွားတယ်လို့ သိရပါတယ်။

“ ဖမ်းဆီးပြီး ကျနော်တို့ နယ်မြေကိုပြန်လာတဲ့အခါမှာ ရဲဘော်တွေကိုခုခံထွက်ပြေးလို့ ရန်သူ့နယ်မြေလည်းဖြစ်တာကြောင့် မဖြစ်မနေရှင်းလင်းပစ်ခတ်လိုက်ရပါတယ်။” လို့ ၎င်းက ပြောပါတယ်။

ဒီပစ်ခတ်မှုကို Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ နဲ့ Popa Guerilla Force (PGF)  တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ယမန့်နေ့ ဒီဇင်ဘာ ၂၈ ရက်မှာ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးနယ်ကကျေးရွာတရွာကို စစ်ကောင်စီတပ်က ဝင်ရောက် ဖမ်းဆီးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ကျောက်ပန်းတောင်း #ပုပ္ပါး #MBT #ပုပ္ပါးတောင် #အသံလွှင့်ဌာန 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10