သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပတ်လည်က ရွာ ၁၀ ထက်မနည်းမှာ PDF တွေ ဝင်ရောက်နေထိုင်ပြီး ရွာသားတွေကို နှင်ထုတ်နေတယ်ဆိုတဲ့ သတင်းအမှား စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်လူမှုကွန်ယက်တွေမှာ ဖြန့်ဝေနေပါတယ်။
■ သတင်းအမှားပျံ့နှံ့မှု ■
“ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ် (မူရင်းရေးသားချက်အတိုင်း)” ဟုဆိုကာ ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။
အဆိုပါအကြောင်းအရာကို စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ Subscribers ၁၀၂,၀၀၀ ကျော်ရှိ NP News-Myanmar တယ်လီဂရမ်ချန်နယ်ကနေ နိုဝင်ဘာ ၂၅ ရက် နေ့လယ် ၁၂ နာရီ ၁၁ မိနစ်မှာ NP News-Myanmar website link နဲ့ ပူးတွဲဖော်ပြဖြန့်ဝေခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၉ ရက် ဒီကနေ့ နေ့လယ်အထိ ကြည့်ရှုသူ ၁၈,၂၀၀ ကျော် Reaction ၁၈၅ ခုနဲ့ မှတ်ချက်၂ ခု ရှိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အထက်ပါအကြောင်းအရာကိုပဲ အဲ့ဒီနေ့ ၁၂ နာရီ ၁၆ မိနစ်မှာ Subscribers ၇၀,၂၀၀ ကျော်ရှိတဲ့ Snow Queen နဲ့ ၁၂ နာရီ ၁၇ မိနစ်မှာ Subscribers ၂၇,၇၀၀ ကျော်ရှိတဲ့ Ye Yint Htet (#yyh) တယ်လီဂရမ်ချန်နယ်တွေက မူရင်းတင်တဲ့ NP News-Myanmar တယ်လီဂရန်ချန်နယ်နဲ့ အချိန်မိနစ်ပိုင်းသာခြားပြီး အဆိုပါ website link နဲ့တကွ ထပ်ဆင့်ဖော်ပြခဲ့ကာ ပျံ့နှံ့မှုအားကောင်းတာကို တွေ့ ရှိရပါတယ်။
သတင်းမှားဖော်ပြမှုမူရင်းနဲ့ ထပ်ဆင့်ဖော်ပြမှုတွေကို အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
NP News-Myanmar Website မှ ဖော်ပြမှု - https://archive.ph/CCRpd
NP News-Myanmar တယ်လီဂရမ်ချန်နယ် မှ ဖော်ပြမှု - https://archive.ph/eRLT2
Snow Queen တယ်လီဂရန်ချမ်နယ် မှ ဖော်ပြမှု - https://archive.ph/tLK76
Ye Yint Htet (#yyh) တယ်လီဂရမ်ချန်နယ် မှ ဖော်ပြမှု - https://archive.ph/R3Hsp
အဆိုပါအကြောင်းအရာ တယ်လီဂရန်လူမှုကွန်ယက်မှာပျံ့နှံ့နေမှုကို မြေလတ်အသံက ပြန်လည်စစ်ဆေးခဲ့ရာ နားလည်မှုလွဲစေတဲ့ သတင်းတု၊ သတင်းမှားဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါတယ်။
■ သတင်းမှားဖြစ်ကြောင်း စိစစ်ဖော်ပြချက် ■
အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး အသုံးပြုထားတဲ့သတင်းဓါတ်ပုံကို Google Image Searchနဲ့ ရှာဖွေကြည့်ရာ “ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့” Facebook စာမျက်နှာကနေ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်မှာ ဖော်ပြထားတဲ့ “ပုလဲမြို့ပေါ်တိုက်ပွဲများဖြစ် စစ်ဘေးရှောင်များ ပုလဲပအဖ၊ ပကဖတို့နှင့် တပ်ရင်းတပ်ဖွဲ့များမှ ကူညီကယ်ဆယ်” ဆိုတဲ့အကြောင်းအရာက ဓါတ်ပုံ ၁ ပုံဖြစ်တာကိုတွေ့ရှိရပြီး ယင်းကာလမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ BNRA မဟာမိတ်ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေချိန် ပုလဲပအဖအဖွဲ့တွေက ဒေသခံတွေ စစ်ဘေးရှောင်နိုင်ဖို့ ကူညီပေးနေတဲ့ မှတ်တမ်းဓာတ်ပုံလည်း ဖြစ်ပါတယ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ Facebook လူမှုကွန်ယက်မှ ဖော်ပြချက် - https://www.facebook.com/share/p/19ehgxSWmP/
ဒါကြောင့် Google မှာ “ပုလဲမြို့ တိုက်ပွဲ” ဆိုတဲ့စာသားနဲ့ ဆက်လက်ရှာဖွေကြည့်ရာမှာ VOA ၊ Myanmar Now ၊ BBC တို့အပြင် အခြားလွတ်လပ်တဲ့သတင်းဌာနတွေကနေ ၂၀၂၄ နိုဝင်ဘာ ၁၁ ရက်ကနေ ၁၄ ရက်အထိ ဖြစ်ပွားခဲ့တဲ့ ပုလဲမြို့တိုက်ပွဲအကြောင်း ဖော်ပြချက်တွေကို တွေ့ရှိခဲ့ရပါတယ်။
လွပ်လပ်တဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်တွေကို အောက်ပါလင်ခ့်တွေမှာ ကြည့်ရှုနိုင်ပါတယ် -
ပုလဲမြို့ပေါ် တိုက်ပွဲတွေရပ်တန့်ပေမယ့် နေအိမ်တချို့မီးရှို့ခံရကြောင်း VOA မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်
လေတပ်တိုက်ခိုက်မှုကြောင့် ဆုတ်ခွာခဲ့သော ပုလဲမြို့မှ သုံ့ပန်းများရရှိဟု BNRA ဆိုကြောင်း Myanmar Now မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်
ပုလဲမြို့သိမ်းတိုက်ပွဲကနေ ဗိုလ်နဂါးတပ် ဘာကြောင့်ဆုတ်ခွာခဲ့ရလဲဆိုတာ BBC မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်
လွတ်လပ်တဲ့သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ပုလဲမြို့ပေါ်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး BNRA နဲ့ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာသွားကြောင်းနဲ့ ပြည်သူတွေစစ်ရှောင်နေကြရကြောင်း ဖော်ပြထားကြသော်လည်း PDF တွေက ရွာသားတွေကို နှင်ထုတ်နေတယ်ဆိုတဲ့ အကြောင်းအရာကို တွေ့ရှိခြင်း မရှိခဲ့ပါဘူး။
ဒါကြောင့် ပုလဲမြို့ပတ်လည်က ရွာ ၁၀ ထက်မနည်းမှာ PDF တွေ ဝင်ရောက်နေထိုင်ပြီး ရွာသားတွေကို နှင်ထုတ်နေတယ်ဆိုတဲ့ အကြောင်းအရာဟာ နားလည်မှုလွဲမှားစေတဲ့ သတင်းအမှားတခုသာ ဖြစ်ပါတယ်။
■ သတင်းအမှားဖြန့်ဝေနေတဲ့အကောင့်များအား စိစစ်ချက် ■
သတင်းအမှားဖြန့်ဝေနေတဲ့ NP News-Myanmar ဟာ website တခုဖွင့်လှစ်ထားပြီး လွတ်လပ်တဲ့သတင်းမီဒီယာတခုပုံစံပြုမူထားသလို အဆိုပါချန်နယ်ကို ဖွင့်လှစ်ထားတဲ့ ကျော်မျိုးမင်းဆိုသူက ကိုယ်တိုင်လူလုံးထွက်ပြကာ စစ်ကောင်စီကိုထောက်ခံတဲ့ သတင်းသုံးသပ်ချက်ရုပ်သံတွေနဲ့ လူမျိုးရေး၊ ဘာသာရေးအမုန်းစကားတွေကို အစဉ်တစိုက်ဖြန့်နေပြီး စစ်ကောင်စီလက်ဝေခံ သတင်းမီဒီယာတခုပုံစံ ရပ်တည်နေတာကို တွေ့ရှိရပါတယ်။
ဒါ့အပြင် အဆိုပါသတင်းအမှားကို ထပ်ဆင့်မျှဝေထားတဲ့ Snow Queenနဲ့ Ye Yint Htet (#yyh) တယ်လီဂရမ်ချန်နယ်တွေဟာလည်း လူမျိုးရေး၊ ဘာသာရေးအမုန်းစကားတွေနဲ့သတင်းမှားတွေကို အစဉ်တစိုက်ဖြန့်ဝေနေပြီး စစ်ကောင်စီတပ်ကို ထောက်ခံရေးသားဝါဒဖြန့်နေတဲ့ အလားတူချန်နယ်တခုဖြစ်တာကို စိစစ်တွေ့ ရှိရပါတယ်။
NP News-Myanmar တယ်လီဂရမ်ချန်နယ် - https://archive.ph/t5Zxz
Snow Queen တယ်လီဂရမ်ချန်နယ် - https://archive.ph/J2DMk
Ye Yint Htet (#yyh) တယ်လီဂရမ်ချန်နယ် - https://archive.ph/AEGF5
၎င်းချန်နယ်တွေ ယခင်ဖြန့်ဝေခဲ့တဲ့ သတင်းအမှားတွေထဲက Myanmar Fact-checking Network - MFCN မှ အချက်အလက်စစ်ဆေးစိစစ်ဖော်ပြထားတဲ့ သတင်းအမှားအကြောင်းအရာတချို့ကို အောက်ပါလင့်ခ်တွေမှာ ကြည့်ရှုနိုင်ပါတယ်။
NP News-Myanmar မှ ယခင်က သတင်းအမှားဖော်ပြမှု - https://shorturl.at/ERTKR
Snow Queen တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - https://shorturl.at/DKY4h
Ye Yint Htet (#yyh) တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - https://shorturl.at/Eb2Y2
■ သုံးသပ်ချက် ■
စစ်ကောင်စီတပ်ဟာ အရပ်သားနေအိမ်တွေကို ဖျက်ဆီးမီးရှို့တာ၊ အရပ်သားတွေကိုသတ်ဖြတ်တာနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ကာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ပြီးချိန်တိုင်း စစ်ရေးပစ်မှတ် PDF တွေနဲ့ PDF စခန်းတွေကိုသာတိုက်ခိုက်တာဖြစ်ကြောင်း သတင်းတု၊ သတင်းမှားတွေ ရည်ရွယ်ချက်ရှိရှိလုပ်ကြံဖန်တီး ဖြန့်ဝေလေ့ရှိပါတယ်။
အခုဖြစ်စဉ်မှာဆိုရင်လည်း ပုလဲမြို့နယ်အတွင်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်က ကျေးရွာတွေကို ပြန်လည်စစ်ကြောင်းမထိုးမီ မြို့နယ်အနီးကကျေးရွာတွေမှာ PDF တွေက ရွာသားတွေကို နှင်ထုတ်ပြီး ဝင်ရောက်နေထိုင်နေတဲ့ပုံစံ သတင်းမှားတွေ လုပ်ကြံဖန်တီးနေကာ အဆိုပါရွာတွေမှာ အရပ်သားပြည်သူတွေ မရှိတော့ဘဲ လက်နက်ကိုင် PDF တပ်ဖွဲ့တွေသာ ရှိတော့ကြောင်း ပုံဖော်နေတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီလိုသတင်းတွေကိုတွေ့ရင် အလွယ်တကူမယုံကြည်သင့်ဘဲ အဲ့ဒီသတင်းတွေမှာပါဝင်တဲ့ ဓါတ်ပုံ၊ စာသားတွေကို Google ကနေ ရှာဖွေတိုက်ဆိုင်စစ်ဆေးဖတ်ရှုတာမျိုးအပြင် အချက်အလက်အတည်ပြုပြီးဖော်ပြတဲ့ လွတ်လပ်သောသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်တွေကိုကြည့်ရှုတာတွေနဲ့ အဲ့ဒီဒေသရဲ့နယ်မြေအခြေအနေတွေကို မေးမြန်းစုံစမ်းပြီး နှိုင်းယှဉ်စဉ်းစားနိုင်ဖို့ အကြံပြုအပ်ပါတယ်။
#မြေလတ်အသံ
#Factcheck #သတင်းတုသတင်းမှား #ပုလဲ #တိုက်ပွဲ #စစ်ရှောင်
Share Share Share