ပုလဲက လဝကမှူးရုံးအပါ နေရာ ၃ ခု တိုက်ခိုက်ခံရ ရုံးပစ္စည်းများ သိမ်းဆည်းရမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ရှိ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့နေရာ ၃ ခုကို မတ် ၂၇ ရက်မှာ ဒေသခံကာကွယ်ရေးတပ်တွေက စစ်ကြောင်း ၃ ကြောင်းခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် Black Leopard Army အဖွဲ့ဆီက သိရပါတယ်။

မတ် ၂၇ ရက်မှာ မနက် ၈ နာရီခွဲကနေ နေ့လယ် ၁ နာရီခွဲအထိ ပုလဲမြို့ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ လဝကမှူးနေတဲ့ရုံးခန်းတို့ကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။ 

"ထွေအုပ်ရုံးအနီးအထိ ကျနော်တို့က စီးနင်းတိုက်ခိုက်နိုင်ခဲ့တယ်။ သမဝါယမဝန်းထဲမှာ လဝက ယာယီရုံးထိုင်ထားတဲ့ ရုံးခန်းတွေထဲအထိ စီးနင်းတိုက်ခိုက်နိုင်ခဲ့တယ်။ သူတို့နေရာတွေကို လုံးဝအပိုင်မသိမ်းနိုင်တာကလွဲလို့ တမြို့လုံးနီးပါးစီးနင်းပြီးတော့ အချိန်ကြာကြာထိန်းပြီးတိုက်ခဲ့တာ။ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို စီးနင်းနိုင်တာတော့ မရှိဘူး။ လဝကမှူးနေတဲ့ ယာယီရုံးခန်းကိုတော့စီးနင်းနိုင်ခဲ့တယ်" လို့  ဥက္ကဌ ဦးဥက္ကာက ပြောပါတယ်။

တိုက်ပွဲအတွင်း ကျားသစ်နက်တပ်မတော် Black Leopard Army ရဲဘော် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာအနည်းငယ်ရရှိကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိပေမဲ့ အတိအကျ မသိရသေးဘူးလို့ ဆက်ပြောပါတယ်။

လဝကမှူးနေတဲ့ ရုံးခန်းစီးနင်းတိုက်ခိုက်အပြီး ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်း၊ ကွန်ပျူတာ၊ မိတ္တူစက်၊ ကတ်လောင်းတဲ့စက်တွေ၊ Level 2 အဆင့်ရှိ လေသေနတ် နဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းခဲ့ရတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ကျားသစ်နက်တပ်မတော် Black Leopard Army မှ ယင်းမာပင်ခရိုင်အမှတ် ၁၁ တပ်ရင်း၊ ပခုက္ကူခရိုင် တပ်ရင်း ၁၅၊ ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲ၊ တိုးနယားတပ်ဖွဲ့ ၊ ယင်းမာပင်ခရိုင်အမှတ် ၁၂ တပ်ရင်း၊ ယင်းမာပင်ခရိုင်အမှတ် ၂၉ တပ်ရင်း ဒေါင်းမင်းပြောက်ကျားတပ်ဖွဲ့၊ တို့အညာပြောက်ကျားတပ်ဖွဲ့ ၊ 96 Soldiers၊ Scarlet တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပုလဲ #ရဲစခန်း #ထွေအုပ်ရုံး #လဝကမှူးရုံး #တိုက်ခိုက်ခံရ #ရုံးပစ္စည်းများ #သိမ်းဆည်းရမိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10