ပုလဲနယ်က တော်လှန်ရေးအင်အားစုတွေအပေါ် အပြန်အလှန်ဆန္ဒပြမှုတွေ ပြေလည်မှုရ

ပုလဲနယ်က တော်လှန်ရေးအင်အားစုတွေအပေါ် အပြန်အလှန်ဆန္ဒပြမှုတွေ ပြေလည်မှုရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ လက်ပုကန်ရွာမှာ နယ်မြေခံ"ပ"သုံးလုံးကို ဆန့်ကျင်တဲ့ဆန္ဒပြတာတွေနဲ့ ပုလဲနယ်အတွင်းမှာပဲအခြေစိုက်တဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တခုကို နယ်ခံတွေက ဆန္ဒပြတာတွေ ပြီးခဲ့တဲ့ဇွန်လနောက်ဆုံးပတ်အထဲမှာ ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီဆန္ဒပြပွဲတွေဟာ ပုလဲမြို့နယ်ကျောင်းသားသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နဲ့နီးစပ်ပြီး NUG ကွပ်ကဲမှုမရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့(လုံခြုံရေးအရ အဖွဲ့အမည်မဖော်ပြနိုင်)က စစ်ရေးဆိုင်ရာကိစ္စတချို့နဲ့ပတ်သက်ပြီး လက်ပုကန်ကျေးရွာပကဖအဖွဲ့ဝင် ၄ ဦးကို ဇွန် ၁၉ ရက်မှာ စတင်ဖမ်းဆီးတာကနေ မြစ်ဖျားခံတယ်လို့ ရွာခံတွေက ပြောပါတယ်။

အဲ့ဒီလိုဖမ်းဆီးထားတာကြောင့် ဖမ်းဆီးခံရတဲ့ပကဖရဲဘော်တွေရဲ့မိဘတွေနဲ့ ကျေးရွာပြည်သူတွေက အဆိုပါတော်လှန်ရေးအဖွဲ့အစည်းအနေနဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ ပုလဲနယ်ထဲကနေ ထွက်ခွာသွားဖို့ ဇွန် ၂၂ ရက်မှာ  စတင်ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။

ယင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ကို ဆန္ဒပြတဲ့လှုပ်ရှားမှုတွေကို ၅ ရက်ခန့်ကြာပြုလုပ်ခဲ့ပြီး ဆန္ဒပြရက်နောက်ဆုံးနေ့ ဇွန် ၂၇ ရက်မှာ အဆိုပါအဖွဲ့နဲ့ နီးစပ်တဲ့ ပုလဲမြို့နယ်ကျောင်းသားသမဂ္ဂအတွင်းရေးမှူး ကိုတဆစ် က ဆန္ဒပြပွဲကို ဖုန်းနဲ့မှတ်တမ်းရိုက်ယူနေစဉ် ဆန္ဒပြပွဲမှာပါဝင်တဲ့ ပကဖရဲဘော်က ဖုန်းကိုလုယူတာကြောင့် တင်းမာမှုတချို့  ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ မခင်နီ က ပုလဲမြို့နယ်သမဂ္ဂအတွင်းရေးမှူး ကိုတဆစ်ကို ဆန္ဒပြပွဲမှတ်တမ်းတင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပကဖရဲဘော်တွေက ဝိုင်းဝန်းရိုက်နှက်တယ်လို့ ဆိုပါတယ်။

“ဗကသရဲဘော်တွေကို လက်ခံပေးထားတဲ့အဖွဲ့အစည်းနဲ့ ကျေးရွာပကဖကြားထဲမှာ အဆင်မပြေဖြစ်နေတယ်။ ဒီအခြေအနေမှာ ဗကသဘက်ကိုပါ အမြင်မကြည်ဖြစ်လာတယ်” လို့ သူက ပြောပါတယ်။

အဲ့ဒီလိုကျေးရွာပကဖအဖွဲ့ဝင်တွေက ကျောင်းသားတွေအပေါ် ကိုယ်ထိလက်ရောက်လုပ်ဆောင်တယ်ဆိုကာ ဇွန် ၃၀ ရက်မှာ ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နဲ့ ၎င်းတို့နဲ့နီးစပ်တဲ့တော်လှန်ရေးအဖွဲ့ကိုထောက်ခံသူ ရွာခံတွေပူးပေါင်းကာ “ပ”သုံးလုံးယန္တရား ဖိနှိပ်မှုဆန့်ကျင်ရေးခေါင်းစဉ်နဲ့ တန်ပြန်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဗကသက ပြုလုပ်တဲ့ဆန္ဒပြပွဲမှာတော့ “စစ်သုံးစစ်ကို တိုက်ဖျက်ကြ” ဘန်နာကိုင်စွဲပြီး “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်”“တန်ပြန်တော်လှန်ရေးလုပ်ရပ်များ ဆန့်ကျင်ကြ”“ကျောင်းသားများကို ဖိနှိပ်မှု အလိုမရှိ”“ပ သုံးလုံး အလိုမရှိ”“ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံမုချအောင်ရမည်” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

ကျေးရွာပကဖတပ်ဖွဲ့ဝင်တွေရဲ့ ကျောင်းသားတွေအပေါ် ကိုယ်ထိလက်ရောက်လုပ်ဆောင်တယ်ဆိုတာတွေနဲ့ပတ်သက်ပြီး လက်ပုကန်ပအဖတာဝန်ရှိသူတဦးက အခုလို ရှင်းပြပါတယ်။

“အဲ့ဒီ ပကဖရဲဘော်(ကိုတဆစ်အပေါ်ကျူးလွန်သူ)ကိုလည်း သိသိချင်း ဆုံးမပြီးသားပါ။၊ သူကတော့ ဖုန်းကို ပုတ်ချလိုက်တာလို့ ပြောတယ်။ ဝိုင်းထိုး ကြိတ်တယ်ဆိုတဲ့ အခြေနေကြီးတော့ မဟုတ်ပါဘူး။ မင်းမှာလည်း အပြစ်ရှိတယ်ဆိုပြီး အပြစ်လည်းပေးပြီးပါပြီ” လို့ ပြောပါတယ်။

အပြန်အလှန်ဆန္ဒပြမှုတွေဖြစ်ပွားပြီးတဲ့နောက် ရပ်ကျေးပကဖအဖွဲ့ဝင်တွေကိုဖမ်းဆီးထားတဲ့ တော်လှန်ရေးအဖွဲ့က ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကာ ကျောင်းသားတွေအပေါ် ကိုယ်ထိလက်ရောက်လုပ်ဆောင်တယ်ဆိုတဲ့ ရပ်ကျေးပကဖရဲဘော်တွေကိုလည်း အရေးယူမှုတချို့ လုပ်ဆောင်ခဲ့ပြီး ဇူလိုင် ၃ ရက်မှာ အမှုအားလုံးဖြေရှင်းပြီးဖြစ်တယ်လို့ သိရပါတယ်။

“ ကျနော်တို့ဆီ အမှုတက်လာလို့ ရပ်ကျေးပအဖကို ဒီကိစ္စက လက်ရောက်မှုဖြစ်လို့ ဖြေရှင်းပေးလိုက်ပါလို့ တာဝန်ပေးထားပြီးသားပါ။ နှစ်ဦးနှစ်ဖက် အဆင်ပြေဖို့အတွက် မှန်ရင်မှန်တဲ့အတိုင်းပဲ အရေးယူဆောင်ရွက်ဖို့ ပြောထားပါတယ်”လို့ ပုလဲမြို့နယ်ပကဖဒုတာဝန်ခံက ဒေါက်တာ နန်းဝင်းက ပြောပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #လက်ပုကန်ရွာ #ပသုံးလုံး #ဗကသ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10